ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ အထောက်အကူပြုဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်းလုပ်ငန်းများဆောင်ရွက်နေမှုများကို ပြည်ထောင်စုဝန်ကြီးသွားရောက်ကြည့်ရှု

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မေလ (၁၃) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာ၌ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အထောက်အကူပြု ဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှုများပြုလုပ်ရန် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ဧည့်ရိပ်သာရှိ ကျန်းမာရေး ဆေးပေးခန်းသို့ သွားရောက်ခဲ့ပြီး တာဝန်ကျ ဝန်ထမ်းများနှင့် တွေ့ဆုံခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ကျ ကျန်းမာရေးဝန်ထမ်းများအား ဆေးခန်းတွင် လာရောက်ပြသသူများကို ကုသမှုပေးရုံသာမက ကျန်းမာရေး အသိပညာပေးခြင်း လုပ်ငန်းများကို တွဲဖက်ဆောင်ရွက်ရန်နှင့် ရောဂါအမျိုးအစားအလိုက်၊ ကျားမ၊ အသက်အရွယ်အလိုက် ရောဂါဖြစ်ပွားမှုများကို အသုံးချသုတေသနပုံစံ ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များနှင့် အထောက်အကူပြု ဝန်ထမ်းများအား COVID-19 ရောဂါပိုး စစ်ဆေးမှုများ ပြုလုပ်ရန် ဓာတ်ခွဲနမူနာယူခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုခဲ့ပါသည်။ ထိုသို့သွားရောက်စဉ်တွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ကျဝန်ထမ်းများကို တွေ့ဆုံ၍ -

• ဓာတ်ခွဲနမူနာရယူခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွား ကူးစက်မှုမရှိစေရေး လိုက်နာကျင့်သုံးရန် ကျန်းမာရေး အသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ရမည် ဖြစ်ပါကြောင်း၊

• ဓာတ်ခွဲနမူနာရယူ စစ်ဆေးခံမည့်သူများအား ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိသော်လည်း ရောဂါပိုးကူးစက်ခံရမှု ရှိနေနိုင်သည်ကို အသိပညာပေး ပြောကြားရမည် ဖြစ်ပါကြောင်း၊

• မိမိတွင် ရောဂါကူးစက်မှု ရှိပါကလည်း စောစီးစွာကုသမှု ခံယူနိုင်မည်ဖြစ်ပြီး မိမိ၏ မိသားစုနှင့် မိတ်ဆွေများထံသို့ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည် ဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားရမည်ဖြစ်ပါကြောင်း၊

• ရောဂါရှိသူတစ်ဦးထံမှ ရောဂါကူးစက်မှုခံရပါက ကူးစက်မှုခံရပြီး (၅) ရက်မှ (၇) ရက်အတွင်းတွင် ရောဂါပိုးတွေ့ရှိနိုင်ချေ အများဆုံးဖြစ်ပါကြောင်း၊


• ဓာတ်ခွဲစစ်ဆေးရာတွင် ရောဂါပိုးမတွေ့ရှိရသော်လည်း ပေါ့ဆခြင်းမပြုဘဲ ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဆက်လက်လိုက်နာရန်မှာ အထူး အရေးကြီးသည်ကို မှာကြားစေလိုပါကြောင်း၊

• နေပြည်တော် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများသည် ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်း လုပ်ငန်းများကို စနစ်ကျစွာ စီစဉ်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း ပြောကြားခဲ့ပါသည်။

ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာရယူခြင်းအား (၁၃-၅-၂၀၂၀) ရက်နေ့တွင် လွှတ်တော်အထောက်အကူပြု ဝန်ထမ်းများအားလည်းကောင်း၊ (၁၄-၅-၂၀၂၀) နှင့် (၁၅-၅-၂၀၂၀) ရက်နေ့တွင် လွှတ်တော် ကိုယ်စားလှယ်များအားလည်းကောင်း အလှည့်ကျနံပါတ်စဉ်များဖြင့် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

More Tags