ကျိုင်းတုံမြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကျိုင်းတုံ၊ ၂၀၂၀ ပြည့်နှစ်၊ မေ ၃ ရက်

     ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည်  COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ဖြစ်ပွားရာ ဒေသများမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ လေကြောင်းနှင့် ကုန်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာသူများထံမှ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေးအတွက် စနစ်တကျ ကြပ်မတ်ဆောင်ရွက်လျက် ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် မေလ(၁)ရက်နေ့မှ စတင်ကာ ပြည်တွင်းလေကြောင်းလိုင်းများနှင့် အဝေးပြေးယာဉ်များမှတစ်ဆင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သို့ ရောက်ရှိလာသူများအား Health Declaration Card များဖြင့် ရောက်ရှိလာသူများ၏ ကိုယ်ရေးအချက်အလက်များ၊ လေကြောင်း/ ယာဉ်အမည်၊ ခုံအမှတ်၊ ခရီးစဉ်အသေးစိတ်၊ ထွက်ခွာ ခဲ့သော နေရပ်လိပ်စာနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်မည့် နေရပ်လိပ်စာ၊  နေထိုင်မည့် အချိန်ကာလ၊ ရောဂါလက္ခဏာ ခံစားနေရခြင်း ရှိ/ မရှိ စသည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများ၏ ပူးပေါင်းပါဝင်မှုဖြင့် စာရင်းကောက်ယူလျက် ရှိပါသည်။

 

     ထို့အပြင် ရောက်ရှိလာသူများအနေဖြင့် ၎င်းတို့၏ နေအိမ်များ (သို့မဟုတ်) ဟိုတယ်များတွင် သတ်မှတ်ထားသည့် အချိန်ကာလအတိုင်း အသွားအလာကန့်သတ်ကာ လမ်းညွှန်ချက်များအတိုင်း နေထိုင်နိုင်ရေး အတွက် ကျန်းမာရေးဆိုင်ရာ သတိပေးချက်များ (Health Beware Card)နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ဝေသော အသွားအလာကန့်သတ်ခြင်းခံရပြီး မိမိနေအိမ်(သို့မဟုတ်) ဟိုတယ် တွင်သာ နေထိုင်ရမည့်သူများလိုက်နာရန် လမ်းညွှန်ချက်များအား တစ်ဦးချင်းစီအတွက် ဖြန့်ဝေပေးလျက်ရှိပါသည်။ ကောက်ယူရရှိသော အချက်အလက်များအား အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မှတဆင့် မြို့နယ်များသို့ ထပ်ဆင့်ဖြန့်ဝေကာ ရောက်ရှိလာသူများ အသွားအလာ ကန့်သတ်ပြီး ၎င်းတို့နေအိမ်များတွင် သတ်မှတ်ကာလအတိုင်း နေထိုင်နိုင်ရေးအတွက် ဆောင်ရွက် လျက်ရှိပါသည်။

 
 

More Tags