အရှေ့တောင်အာရှနိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့မှ ကျန်းမာရေးဝန်ကြီးများ၏ COVID-19 ရောဂါ တုံ့ပြန်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့်သို့ ပြည်ထောင်စုဝန်ကြီးတက်ရောက် ဆွေးနွေး

နေပြည်တော်။ ။ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ (၃၀)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ နံနက်ပိုင်းတွင် COVID-19 ရောဂါတုံ့ပြန်ရေးတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့် (Special Video Conference of Health Ministers of ASEAN and the United States in Enhancing Cooperation on COVID-19 Response) အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမမှ တက်ရောက်ဆွေးနွေးခဲ့ပါသည်။


 

     အဆိုပါအစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ် Mr. Dato Lim Jock Hoi က အဖွင့် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အာဆီယံ-ယူအက်စ် ပူးတွဲဥက္ကဋ္ဌ များဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

     ၎င်းနောက် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရှုးနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ သည် COVID-19 ဖြစ်ပွားမှုကို တုံ့ပြန်ရာတွင် အာဆီယံနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်ရေးအတွက် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြပါသည်။


 

     ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးမှ မြန်မာနိုင်ငံ COVID-19 တုံ့ပြန်ပြင်ဆင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ပြောကြားရာတွင် -

• ယခုကဲ့သို့ အာဆီယံနိုင်ငံများနှင့် အမေရိကန်ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးများ၏ COVID-19 တုံ့ပြန်ရေးဆိုင်ရာ အထူးဗီဒီယိုကွန်ဖရင့်ကို ဆောင်ရွက်ပေးခဲ့သည့် အာဆီယံ -ယူအက်စ် ပူးတွဲဥက္ကဋ္ဌများဖြစ်သော အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံတို့အား ကျေးဇူးတင်ပါကြောင်း၊

• မြန်မာနိုင်ငံတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများအတွက် တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံများ (PPE) နှင့် အမေရိကန် ဒေါ်လာ (၇)သိန်း လှူဒါန်းခဲ့သည့် အမေရိကန်အစိုးရနှင့် USAID အဖွဲ့တို့ကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ယင်းကူညီမှုမှာ COVID-19 အတွက် မိမိတို့လက်ခံရရှိသော ပထမဆုံး ပြည်ပအကူအညီများထဲမှ တစ်ခုဖြစ်ပါကြောင်း၊

• အမေရိကန်ကူးစက်ရောဂါနှိမ်နင်းရေးဗဟိုဌာန (US-CDC) ဒေသဆိုင်ရာရုံး(ထိုင်းနိုင်ငံ) နှင့် မြန်မာနိုင်ငံ US-CDC အဖွဲ့၏ နည်းပညာအကူအညီများလည်းရယူ၍ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

• မိမိတို့အနေဖြင့် US-CDC (Atlanta) ၊ National Institute of Health တို့နှင့်ပူးပေါင်း၍ COVID-19 ရောဂါကို စမ်းသပ်ကုသမှုဆိုင်ရာ သုတေသနများ (Multicentric clinical trials or studies on COVID-19 and beyond) အား ပိုမိုလုပ်ဆောင်လိုပါကြောင်း၊


 

• အာဆီယံနိုင်ငံများအနေဖြင့် အမေရိကန်နိုင်ငံရှိ သုတေသနဌာနများ( health and research institutions) နှင့် ပူးပေါင်း၍ ကျန်းမာရေးသုတေသနများ ဆက်လက်ဆောင်ရွက်သွားနိုင်မည့် သုတေသနကြားခံ စင်မြင့် (research platform) တစ်ခု ထူထောင်နိုင်ပါက လွန်စွာအကျိုးရှိနိုင်မည်ဖြစ်ကြောင်း၊ "Health futures study on future pandemic", "Social and economic perspectives of COVID-19", "Management of unusual or unexpected scenarios in the health domain" အစရှိသည့် ခေါင်းစဉ်များဖြင့် သုတေသနများဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊

• ဗီဒီယိုကွန်ဖရင့်များသည် ယခုအချိန်၌ နိုင်ငံများအကြား အတွေ့အကြုံဖလှယ်ရာတွင် ငွေကုန်ကြေးကျသက်သာပြီး အလွန်ထိရောက်သည့် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊

• အာဆီယံ-ယူအက်စ် ပူးပေါင်းဆောင်ရွက်ရေး ပိုမိုမြှင့်တင်နိုင်ရန်အတွက် အာဆီယံနိုင်ငံများနှင့် အမေရိကန်တို့ရှိ ကျန်းမာရေးပညာရှင်များအကြား ပညာရပ်ဆိုင်ရာအမျိုးမျိုးကို ဖလှယ်သည့် ဗီဒီယိုကွန်ဖရင့်များကို လေးလ (၁)ကြိမ်ခန့် ပုံမှန် ကျင်းပဆောင်ရွက်သွားစေလိုပါကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်သည့် နယ်ပယ်မျိုးစုံရှိပါကြောင်း၊

• US CDC, National Institute of Health တို့မှ ပညာရှင်များ၊ အာဆီယံနိုင်ငံများမှ သုတေသနပညာရှင်များ၊ ပြည်သူ့ကျန်းမာရေးပညာရှင်များ ပူးပေါင်း၍ မျိုးဆက်သစ် ကျန်းမာရေးဝန်ထမ်းများအတွက် ကျွမ်းကျင်မှုတိုးတက်စေရေး သင်တန်းများ ဆက်တိုက် ပူးပေါင်းဆောင်ရွက်သွားနိုင်ပါကြောင်း၊ ဥပမာ- "Preparedness and management of future severe epidemic and pandemic due to virus or bacteria or other biochemical’’ သင်တန်းမျိုးကို ဆောင်ရ္ပက်နိုင်ကြောင်း၊

• ဤ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ကျန်းမာရေးမဟုတ်သည့် အခြားကဏ္ဍများ၏ အခန်းကဏ္ဍများအရေးကြီးပုံကိုလည်း မိမိတို့ချန်လှပ်ထား၍ မရပါကြောင်း၊

• ထို့အတွက် မြန်မာနိုင်ငံသည် ကျန်းမာရေးဝန်ထမ်းမဟုတ်သည့် စေတနာ့ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

• COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အစိုးရတစ်ရပ်လုံး၊ ကဏ္ဍအားလုံး ပါဝင်ချဉ်းကပ်သည့် ပုံစံဖြင့် အမျိုးသားအဆင့် ဗဟိုကော်မတီတစ်ရပ်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဦးဆောင်၍ ဖွဲ့စည်းထားပါကြောင်း၊

• နိုင်ငံတော်အဆင့် မြင့်မားသော ကော်မတီဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် ကိစ္စရပ်များအပေါ် ဆုံးဖြတ်ချက်များ မြန်ဆန်ပြီး ပြည်ထောင်စုဝန်ကြီးများ အဖွဲ့ဝင်အဖြစ် ပါဝင်သည့်အတွက် ကဏ္ဍများ၏ ပူးပေါင်းဆောင်ရွက်မှု ပိုမိုထိရောက် မြန်ဆန်ပါကြောင်း၊

• အကျိုးဆက်အဖြစ် COVID-19 ထိန်းချုပ်ရေးလုပ်ငန်းများ ဆွေးနွေးချက်နှင့် အကျိုးရှိ ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊

• အာဆီယံ-ယူအက်စ် အထူးဗီဒီယိုကွန်ဖရင့်မှ ထွက်ပေါ်သည့် ပူးတွဲ ကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် အတည်ပြုပါကြောင်းဖြင့် ဆွေးနွေးပြောကြားခဲ့ပါသည်။

     ဆက်လက်၍ အမေရိကန်နိုင်ငံမှ COVID-19 တုံ့ပြန်ဆောင်ရွက်ရာတွင် ပူးပေါင်းချိတ် ဆက်ဆောင်ရွက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ပါသည်။ ထို့နောက် COVID-19 တုံ့ပြန်ရေးနှင့် ပတ်သက်၍ ASEAN-US Joint ပူးတွဲကြေငြာချက်အား အတည်ပြုနိုင်ခဲ့ပါသည်။ ထို့နောက် အာဆီယံ-ယူအက်စ် ပူးတွဲဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့မှ ကျန်းမာ ရေးဝန်ကြီးများက နိဂုံးချုပ်စကားပြောကြားခဲ့ပါသည်။


 

     အဆိုပါ ဗီဒီယိုကွန်ဖရင့်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာထွန်းတင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

 
 

More Tags