ပြည်ထောင်စုဝန်ကြီး COVID-19 ကုသရေးဌာန (ဖောင်ကြီး) ပြင်ဆင်ထားရှိဆောင်ရွက်နေသူများနှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၆) ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူ များသည် ယနေ့၊ နေ့လယ်ပိုင်းအချိန်တွင် ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်း၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ပါမောက္ခဒေါက်တာဇော်ဝေစိုး၊ Clinical management group မှ ပါမောက္ခ/ဌာနမှူးများ၊ ဝေဘာဂီအထူးကုဆေးရုံ၊ တောင်ဥက္ကလာပအထူးကုဆေးရုံ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် COVID-19 ဓာတ်ခွဲအတည်ပြု လူနာများတက်ရောက် ကုသပေးနေသော ဆေးရုံများမှ သမားတော်များနှင့် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

     ရှေးဦးစွာ Clinical Management Group မှ ပါမောက္ခ/ ဌာနမှူး ပါမောက္ခဒေါက်တာဇော်လင်းအောင် က COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် သီးသန့်လူနာဆောင်နှင့် အထူးကြပ်မတ် ကုသဆောင်များ ပြင်ဆင်ထားရှိမှု၊ ဆေးနှင့်ဆေးပစ္စည်းများ ရရှိမှုနှင့် လိုအပ်မှုအခြေအနေများ၊ ကျန်းမာရေးဝန်ထမ်းအဆင့်ဆင့်အတွက် လုပ်ငန်းလမ်းညွှန်များနှင့် protocol များ ရေးဆွဲထားရှိမှု၊ ဝန်ထမ်းများကို အလုပ်တာဝန်ခွဲဝေချထားမှုနှင့် အထွေထွေလုပ်သားလိုအပ်မှု အခြေအနေ၊ Mobile Tablet များအသုံးပြု၍ ဆေးမှတ်တမ်းများ မှတ်တမ်းတင်မည့်ကိစ္စ၊ ဝန်ထမ်းများအတွက် နေထိုင် စားသောက်ရေး စီစဉ်ထားရှိမှု၊ လူနာစည်းကမ်းများ သတ်မှတ်ထားရှိမှု စသည်တို့ကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ တာဝန်ရှိသူများနှင့် သက်ဆိုင်ဆေးရုံအလိုက် ပညာရှင်အသီးသီးများက -

• ဆေးရုံအလိုက် လိုအပ်ချက်များ၊ စောင့်ကြည့်လူနာများထားရှိရန် နေရာလိုအပ်ချက်များ၊ COVID-19 ကုသရေးဌာန (ဖောင်ကြီး) ဖွင့်လှစ်ပါက လွှဲပြောင်းပေးပို့ရမည့် လူနာ အမျိုး အစားသတ်မှတ်ရန်ကိစ္စ၊ မည်သည့်ဆေးရုံကို လူနာတင်သင့်သည်ကို ဆုံးဖြတ်ပေးမည့် ညှိနှိုင်းရေးမှူးတစ်ဦးတာဝန်ပေးအပ်ရန်ကိစ္စ၊ စောင့်ကြည့်လူနာများကို အထူးဦးစားပေး၍ ဓာတ်ခွဲနမူနာများ ရယူစစ်ဆေးရန်ကိစ္စ၊ ဆေးရုံဆင်းခွင့်ရလူနာများကို ထားရှိရန် နေရာနှင့် ပြန်လည်ကြည့်ရှုရေးကိစ္စ၊ လူနာများကို ကုသပေးရာတွင် တွေ့ကြုံရသည့် အခြေအနေစသည့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

     ပြည်ထောင်စုဝန်ကြီးက ယနေ့ ပြုလုပ်သော Video Conferencing ၌ -

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) ပြင်ဆင်ထားရှိမှုများသည် ကောင်းမွန်ပါကြောင်း၊

• အထွေထွေလုပ်သားများ လိုအပ်မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊

• အရေးတကြီးလိုအပ်သည့် ဆေးဝါးများရှိပါက အချိန်နှင့် တစ်ပြေးညီတင်ပြပေးရန် ဖြစ်ပြီး ဝန်ကြီးဌာနမှ ဦးစားပေး ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း၊

• ဆေးပညာရှင်များ၊ Clinical Management Group မှ တာဝန်ရှိသူ အသီးသီးအနေဖြင့် မိမိတို့ နိုင်ငံတွင် COVID-19 လူနာ တစ်ဦးချင်းစီကို ကုသပေးမှုနှင့် တွေ့ရှိချက် ရလဒ်များကို အသေးစိတ်မှတ်တမ်းတင်ပြီး သုတေသနပုံစံဖြင့် ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့နိုင်ငံ၏ အတွေ့အကြုံများကိုလည်း အခြားနိုင်ငံများသို ပြန်လည်မျှဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊

• စောင့်ကြည့်လူနာများ၏ ဓာတ်ခွဲနမူနာများကို အထူးဦးစားပေး၍ အမြန်စစ်ဆေးသွားနိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပါကြောင်း၊

• ဆေးပညာရှင်များအနေဖြင့် ကုသမှု၊ စီမံခန့်ခွဲမှုများအား ယခုကဲ့သို့ မိမိတို့ အရေးကိစ္စသဖွယ် အလေးထား ကြိုပမ်းဆောင်ရွက်နေမှုများကို ဝန်ကြီးဌာန ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

More Tags