ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးသည်များ စနစ်တကျရောင်းဝယ်ရေးနှင့် COVID–19 ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ပဲခူးမြို့၊ ၂၀၂၀ ပြည့်နှစ်၊ဧပြီလ (၂၂) ရက်

     ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် COVID-19 ရောဂါကာကွယ်ရေး အသိပညာပေးခြင်း လုပ်ငန်းများကို ပဲခူးမြို့ရှိဈေးများတွင် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက်(၇)နာရီ၌ ပဲခူးတိုင်းဒေသကြီး လက်ကမ်းစာစောင် ဖြန့်ဝေရေးနှင့် ပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပွယ်စေး ဦးဆောင်၍ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဲခူးမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးဆိုင်များ၊ ဈေးဝယ်သူများနှင့် ဈေးကြီးကြပ်ရေး ကော်မတီဝင်များ လိုက်နာရမည့် အချက်များကို ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါသည်။


     အသိပညာပေးရာတွင် ပဲခူးမြို့နယ်အတွင်းရှိ ဈေးများတွင် ဈေးဆိုင်များ၊ ဈေးဝယ်သူများနှင့် ဈေးကြီးကြပ်ရေး ကော်မတီဝင်များ လိုက်နာရမည့် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည် ကြေငြာခြင်း၊ ဈေးကြီးကြပ် ကော်မတီဝင်များအား တွေ့ဆုံ၍ ဈေးအဝင်ဝတွင် လက်ဆေးရန်နေရာများ ထားပေးရန်၊ ဈေးသည်နှင့် ဈေးဝယ်သူများ တိုက်ရိုက်ထိတွေ့မှု မရှိစေရန် (၃)ပေအကွာအဝေး ခြားပေးထားခြင်းအား ကြပ်မတ်ဆောင်ရွက်ရန်၊ ဈေးသည်များနှင့် ဈေးဝယ်လာသူများအား နှာခေါင်းစည်းများ တပ်ဆင်လာစေရန် စသည့်အချက်များအား မှာကြားခြင်း တို့ကို ပဲခူးမြို့အတွင်းရှိ ပဲခူးမြို့မဈေး၊ ဥဿာပြင်စည်ဈေးနှင့် ဘုရားကြီးမြို့ ဘုရားကြီးဈေးတို့တွင် ဆောင်ရွက်ခဲ့ကြပါသည်။ ပဲခူးမြို့နယ်အတွင်းရှိ ဒေသခံ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ ဆက်လက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါသည်။

More Tags