ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအား ဆောင်ရွက်မှုအခြေအနေများ ခြုံငုံဆန်းစစ်ခြင်း အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး တက်ရောက် (20-4-2020)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဧပြီလ (၂၀) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဧပြီလ (၁၈) ရက်နေ့၊ နေ့လယ် (၁) နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်များ၌ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအား ဆောင်ရွက်မှု အခြေအနေများ ခြုံငုံဆန်းစစ်ခြင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားတွင် -

• ဤသို့ခြုံငုံသုံးသပ်ဆန်းစစ်ရခြင်းမှာ မိမိတို့ဆောင်ရွက်လျက်ရှိသော လုပ်ငန်းနည်းဗျူဟာများ၏ ထိရောက်မှုရှိ၊ မရှိ၊ အခြေအနေနှင့် လိုအပ်ချက်များကို ဖော်ထုတ်ကာ လိုအပ်သည်များအား ဖြည့်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၄-၁-၂၀၂၀) ရက်နေ့မှစတင်၍ COVID-19 ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လာခဲ့ရာတွင် ဤရောဂါအသစ်၏ဖြစ်စဉ်ပြောင်းလဲမှုပုံစံ၊ ပြောင်းလဲလာသော ရောဂါဖြစ်ပွားမှုနှင့် ရောဂါကူးစက်ပျံ့နှံ့ပုံစံများနှင့်အညီ မိမိတို့သည် နည်းဗျူများ မွမ်းမံပြောင်းလဲ ဆောင်ရွက်လျက် ရှိပါကြောင်း၊

• ယခုနှစ်ဦးပိုင်း၌ လုပ်ငန်းများစတင်ဆောင်ရွက်ခဲ့စဉ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လုပ်ငန်းလမ်းညွှန်များ၊ စံလုပ်ထုံးလုပ်နည်းများ ရေးဆွဲခြင်းနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေး စီမံချက်ပုံစံရေးဆွဲချမှတ် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပါကြောင်း၊

• ယခုအခါ၌ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ဖြစ်ပေါ်လျက်ရှိသောရောဂါနှင့် ပတ်သက်သည့် ကပ်ရောဂါဗေဒဆိုင်ရာ အခြေအနေအဝဝ (epidemiological situation) ကိုအနီးကပ်အသေးစိတ် သုံးသပ်လျက်ရှိပြီး လိုအပ်လျှင် လိုအပ်သလိုနည်းဗျူဟာအချို့ကို မွမ်းမံပြင်ဆင်ချမှတ်ကာ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ဦးစားပေး ဆောင်ရွက်လျက် ရှိပါကြောင်း၊

• သို့မှသာငွေကုန်ကြေးကျနည်းပါးစွာဖြင့် အကျိုးရှိထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊


• ယခုအခါဆေးရုံ၌ COVID-19 လူနာများအားကုသမှုနှင့် လူနာများနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်း (contact tracing)တို့သည် ပထမဦးစားပေး အဆင့်ဖြစ်လာပြီ ဖြစ်ပါကြောင်း၊

• လူနာများနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေဖော်ထုတ်ခြင်းတွင် ပြည်သူများနှင့် လူမှုရေးအဖွဲ့အစည်းများ၌ အခန်းကဏ္ဍသည် အလွန်မြင့်မားပြီး မရှိမဖြစ်လိုအပ်ပါကြောင်း၊

• ယနေ့အစည်းအဝေးတွင် ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းများ၊ ဆောင်ရွက်နေဆဲလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများ၊ လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးစေလိုပါကြောင်း၊

• လိုအပ်သည့်ဆေးနှင့်ဆေးပစ္စည်းများ၊ တစ်ကိုယ်ရေကူးစက် ရောဂါကာကွယ်ရေးဝတ်စုံနှင့် အသုံးအဆောင်များအား အသုံးပြုမှုနှုန်းထားပုံစံများကို လေ့လာ၍ သိပ္ပံနည်းကျ တွက်ချက်ကာ လျော့နည်း ကုန်ဆုံးလာမည့်ပမာဏနှင့် ထပ်မံလိုအပ်နိုင်သည့် ပမာဏတို့ကိုအချိန်နှင့် တစ်ပြေးညီ ကြိုတင်မှာကြားရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊

• ယခုအချိန်၌ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်တွေ့မြေပြင်၌ အဖွဲ့အစည်းများစွာပါဝင်သည်မှာ ကောင်းမွန်သော်လည်း မိမိတို့သည် ၎င်းအဖွဲ့အစည်းများနှင့် စနစ်တကျချိန်သားကိုက် ပူးပေါင်းဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း၊


• ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းပါဝင်ဆောင်ရွက်နေသူ အားလုံးအကြားတွင် သတင်းအချက်အလက်များအချိန်နှင့် တစ်ပြေးညီ အပြန်အလှန်ဝေမျှမှုများသည် အလွန်အရေးကြီး သည့် အချက်တစ်ချက် ဖြစ်ပါကြောင်း၊

• ပြည်တွင်းသို့ ပြန်လာသူမြန်မာနိုင်ငံသားများအား အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှု လုပ်ငန်းများအား စနစ်တကျ ကြိုတင်ပြင်ဆင်စီမံခန့်ခွဲမှုသည် အထူးအရေးကြီးပါကြောင်း၊

• ယခုအခါရောဂါပျံ့နှံ့မှုပုံစံ သိရှိရန်အတွက် အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုရာ နေရာများမှဓာတ်ခွဲနမူများ ပိုမိုရယူဆောင်ရွက် လျက်ရှိပါကြောင်း၊

• ပြည်သူ့ကျန်းမာရေး ပိုမိုကောင်းမွန် ထိရောက်စေရေး အတွက်လည်းကောင်း၊ ကုသမှုပိုင်းဆိုင်ရာများ ပိုမိုကောင်းမွန်စေရန် အတွက်လည်းကောင်း သုတေသနများ ပိုမိုပြုလုပ် စေလိုပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် COVID-19 နှင့်ပတ်သက်သော သတင်းအချက်အလက်များကို လုံးဝထိန်ချန်ခြင်းမရှိဘဲ ပွင့်လင်းမြင်သာစွာ ပေးအပ်လျက်ရှိပါကြောင်း၊ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားမှု သတင်းအချက်အလက်အမှန်များကို သိရှိမှသာ မိမိတို့ကိုယ်တိုင် ရောဂါကူးစက်မှု မခံရစေရေးအတွက် လည်းကောင်း၊ ရောဂါကာကွယ်ရေး လုပ်ငန်းများကိုလည်းကောင်း အလေးထား ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးနှင့်ဆေးပစ္စည်းများ၊ ရောဂါကူးစက်မှုကာကွယ်ရေး ဝတ်စုံနှင့် အသုံးအဆောင်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထပ်မံ ဖြန့်ဝေထားရှိမှု စသည်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ကုသရေး၊ ပြည်တွင်းပြည်ပဆက်သွယ်ရေးနှင့် သတင်းပြန်ကြားရေး တာဝန်ရှိသူများက -

• တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် COVID-19 ရောဂါဖြစ်ပွားပျံ့မှုအခြေအနေ၊

• ဆေးရုံများတွင် လိုအပ်ချက်နှင့် ကုသမှုပေးနေမှုအခြေအနေ၊

• ပြည်သူများအား သတင်းပေးရာ၌ ပိုမိုရှင်းလင်းစွာ ပေးအပ်နိုင်စေရေးကိစ္စရပ်များ၊

• ဓာတ်ခွဲအတည်ပြုလူနာများအား သတ်မှတ်ဆေးရုံများသို့ လွှဲပြောင်းကုသပေးမှု စနစ်နှင့် ကုသမှုအခြေအနေ၊

• လူနာနှင့် ထိတွေ့ခဲ့သူများအား စနစ်တကျ ရှာဖွေထောက်လှမ်းနေမှုအခြေအနေနှင့် စိန်ခေါ်မှုများ၊

• အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများအား ဆောင်ရွက်နေမှုအခြေအနေနှင့် စိန်ခေါ်မှုများ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများထံမှ ဆေးနှင့် ဆေးပစ္စည်းများ ပံ့ပိုးမှုများ အခြေအနေ၊

• နှီးနွှယ်ဝန်ကြီးဌာန၊ အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊

• ဓာတ်ခွဲနမူနာသယ်ဆောင်ပေးပို့ရန် Viral Transport Media များ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ထပ်မံဖြန့်ဝေထားရှိမှု စသည်တို့နှင့် ပတ်သက်၍ အသီးသီး တင်ပြခဲ့ကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဆွေးနွေး၍ ဆောင်ရွက်ရမည့် အချက်များကို သဘောတူညီမှုများ ရရှိခဲ့ပါသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် Video Conferencing စနစ်ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ်၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) မှ တာဝန်ရှိသူများ၊ ဆေးရုံအုပ်များ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်များ၊ တာဝန်ရှိသူများနှင့် လုပ်ငန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆွေးနွေးရာတွင် တာဝန်ရှိသူများက -

• ဆေးသုတေသနဦးစီးဌာနရှိ ဇီဝလုံခြုံမှုအဆင့် (၂+) ရှိ ဓာတ်ခွဲခန်းတွင် COVID-19 ဓာတ်ခွဲစစ်ဆေးမှုများ ရက်ပိုင်းအတွက် ပြုလုပ်တော့မည်ဖြစ်သဖြင့် အသေးစိတ် အစီအစဉ်များ၊

• တောင်ဥက္ကလာပအထူးကုဆေးရုံတွင် COVID-19 လူနာများထားရှိကုသနေမှု၊

• COVID-19 ကုသရေးဌာန (ဖောင်ကြီး) တွင် ဆန္ဒအလျှောက်တာဝန်ထမ်းဆောင်မည့် သူများအား ကြိုတင်မွမ်းမံသင်ကြားမှုများပြုလုပ်ရန် အစီအစဉ်များ၊

• ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုကိစ္စရပ်များ၊

• ကုန်းလမ်းကြောင်းများမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ၊

• လုပ်ငန်းလိုအပ်ချက်၊ အခက်အခဲနှင့် စိန်ခေါ်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စီစဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

More Tags