မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် Hand-on training for Advanced Ambulance and Ventilator ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်

     အထက်အကြောင်းအရာနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ၂၀၁၉-ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ဖြစ်ပွားလျက်ရှိသော COVID-19 Acute Respiratory Disease ရောဂါနှင့် ပတ်သက်၍ တရားဝင်ဖွင့်လှစ်ထားသည့် နယ်စပ် ဝင်/ထွက်ဂိတ် (Port of Entry-POE) များမှ ဝင်ရောက်လာသူများအနက် သံသယလူနာများအား လွှဲပြောင်းပေးနိုင်မည့် ဦးစီးပေးဆေးရုံများဖြစ်သော ပြည်သူ့ဆေးရုံကြီး၊ မြစ်ကြီးနားမြို့၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့၊ ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးနှင့် ခရိုင်ပြည်သူ့ဆေးရုံ၊ မူဆယ်မြို့တို့တွင် အထူး ကြပ်မတ်ကုသမှု အထောက်အကူဖြစ်စေရန်အတွက် Ventilator များ အသုံးပြုနိုင်ရန်အပြင် အရေးပေါ်လူနာတင်ယာဉ်အသုံးပြုခြင်း ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ Hand-on training for Advanced Ambulance and Ventilator သင်တန်းကို (၂၈-၂-၂၀၂၀)ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူ/ဖြန့်ဖြူးရေး) ဒေါက်တာဝင်းနိုင်၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ စုစုဒွေးနှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး သင်တန်းဆရာများအဖြစ် မန္တလေးပြည်သူ့ ဆေးရုံကြီးမှ ပါမောက္ခ(အရေးပေါ်ကုသမှုဆေးပညာ) ပါမောက္ခဒေါက်တာဝင်းကျော်နှင့် အရေးပေါ် ကုသမှုဆေးပညာဌာနမှ အထူးကုဆရာဝန်များ၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀) မှ အထူးကုဆရာဝန်ကြီး(အရေးပေါ်ကုသမှုဆေးပညာ) ဒေါက်တာသန်းလတ်အောင်တို့က ဆောင်ရွက်ကြပါသည်။

 

     သင်တန်းသို့ ဆေးရုံ (၅)ရုံမှ ဆေးရုံအုပ်ကြီး/ဆေးရုံအုပ် (၁) ဦး၊ လက်ထောက်ဆရာဝန် (၁) ဦး၊ သူနာပြု (၂) ဦးစီ တက်ရောက်ကြပြီး အဆိုပါသင်တန်းတွင် Yee Shin Co.Ltd မှ လှူဒါန်းသော HT70 Plus, Newport Medical အမျိုးအစား (၅)လုံးကို ပေးအပ်ခဲ့ပြီး အဆိုပါ Ventilator များ အသုံးပြုနိုင်ရန်အတွက် Yee Shin Co.Ltd မှ ရှင်းလင်း‌ဆွေးနွေးပေးခဲ့ပါသည်။

More Tags