မြန်မာ့အားကစားလောက ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားအဖွဲ့ချုပ်များနှင့် ပွင့်လင်းမြင်သာစွာ တွေ့ဆုံညှိနှိုင်းဆွေးနွေးသည့်အခမ်းအနားတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပြောကြားသည့် အဖွင့်မိန့်ခွန်း

ရန်ကုန်၊ အမျိုးသားအားစားရုံ (၁)၊ သုဝဏ္ဏ                   (၁၃-၁၀-၂၀၁၈)

အားလုံးပဲမင်္ဂလာပါခင်ဗျား။

ယနေ့ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရသည့် အဓိက ရည်ရွယ်ချက်များကတော့

(၁) ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊

(၂) ပူးပေါင်းဆောင်ရွက်မှုပုံစံကိုလည်း စနစ်တကျ Systematic ဖြစ်၍ မူဘောင်တစ်ခု (Framework) အတွင်း ဆောင်ရွက်နိုင်ရေး၊

(၃) ပြည်တွင်းအားကစားပြိုင်ပွဲများ၊ ကျောင်းပေါင်းစုံအားကစား ပြိုင်ပွဲ၊ တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ၊ တိုင်းဒေသကြီး/ ပြည်နယ်အားကစားပြိုင်ပွဲ၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများကို ပိုမို ကျင်းပနိုင်ရေးကိစ္စများ၊

(၄) ပြည်ပအားကစားပြိုင်ပွဲများ၌ ပိုမိုအနိုင်ရရှိရေး၊

(၅) အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် အားကစားအဖွဲ့ချုပ်များ အပြန်အလှန်မည်ကဲ့သို့ ပိုမိုပူးပေါင်းဆောင်ရွက်ခြင်း ကိစ္စများ၊

(၆) အားကစားနှင့်ကာယပညာသိပ္ပံကျောင်းများအနေဖြင့်လည်း သာမန်လုပ်ရိုးလုပ်စဉ်မျိုးမဟုတ်ဘဲ အစဉ်အလာမှဖောက်ထွက်ကာ ဆန်းသစ်တီထွင်သောနည်းဖြင့် မည်ကဲ့သို့ ဆောင်ရွက်မည်၊ အလားအလာ ရှိသော မျိုးဆက်သစ်အားကစားသမား များကို မည်ကဲ့သို့ ရှာဖွေလေ့ကျင့်မွေးမြူမည်တို့ကို ဆွေးနွေးရန် ဖြစ်ပါတယ်။

တက်ရောက်လာကြသော အားကစားအဖွဲ့ချုပ်အသီးသီးမှလည်း ပွင့်ပွင့်လင်းလင်း ပြတ်ပြတ်သားသား လိုရင်းတိုရှင်း အချက်ကျကျ ပြောကြားပေးပါရန် မေတ္တာရပ်ခံပါတယ်။

ထိုကဲ့သို့ ပြောကြားရာမှာ အားလုံးကို အကောင်းမြင်ဝါဒ positive perspective နှင့် ဆွေးနွေးအကြံပြုပေးဖို့နဲ့ တစ်ဦးတစ်ယောက် အဖွဲ့ အစည်းတစ်ခုခုကို လက်ညှိုးထိုးခြင်း (Not pin-pointing with ulterior motive) ဖြင့် မပြောကြားစေလိုပါ။

နိုင်ငံ၏အားကစားဖွံ့ဖြိုးတိုးတက်မှုကို ရည်ရွယ်၍ ပြောကြားကြစေလိုပါတယ်။ ယနေ့ ပြောကြားချက်၊ ဆွေးနွေးချက်၊ အကြံပြုချက်များ ကိုလည်း ဦးစားပေးအလိုက်လည်းကောင်း၊ ကဏ္ဍများခွဲ၍ (sub domain) ပြုစုကာ အဆင့်လိုက်၊ အပိုင်းလိုက် (step-wise, phase-wise) စဉ်းစား၍ မိမိတို့ရရှိသော ဘဏ္ဍာငွေ၊ လူအင်အား၊ အချိန်ရရှိမှုတို့အပေါ် မူတည်ပြီး ဆောင်ရွက်သွားပါမယ်။

အမှန်အတိုင်းပြောရမယ်ဆိုရင် မြန်မာ့အားကစားဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရမယ့် အချက်များ၊ အကြံပြုချက်များဟာ (၂၀၁၈) ခုနှစ်၊ မတ်လအတွင်းက ပြုလုပ်ခဲ့တဲ့ မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားအဆင့်ဆွေးနွေးပွဲ (National Sports Seminar) က အစီရင် ခံစာမှာ ပါရှိပြီးဖြစ်ပါတယ်။

အဲ့ဒီ အမျိုးသားအဆင့်ဆွေးနွေးပွဲ(National Sports Seminar)က အစီရင်ခံစာမှာ ပါရှိတဲ့ -

- မိမိ၏ အဖွင့်မိန့်ခွန်းနှင့် နိဂုံးချုပ်မိန့်ခွန်း၊

- ပညာရေးဝန်ကြီး၏ အမှာစကား၊

- အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးသောင်းထိုက်၏ အဖွင့်အမှာစကား၊

- အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး(အငြိမ်းစား) ဦးဇော်ဝင်း၏ စာတမ်း၊

- အားကစားအဖွဲ့ချုပ်များ ရွေးချယ်တင်မြှောက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ဒင်၏ စာတမ်း၊

- ထိုအချိန်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အားကစားရေးရာ ကျွမ်းကျင်သူ ဒေါက်တာမြလေးစိန်၏ ဆွေးနွေးချက်၊

- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအဖွဲ့ဝင် ဦးမြသိန်း၏ဆွေးနွေးချက်၊

- အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ရှိတာဝန်ထမ်းဆောင်နေသော အရာရှိကြီး များနှင့် အငြိမ်းစားပညာရှင်များ၏ ဆွေးနွေးအကြံပြုချက်များ၊

- အိုလံပစ်ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လွင်၊ - တပ်မတော်ကိုယ်ခံပညာ အားကစားကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးသန်းလှိုင်တို့အပါအဝင် ပညာရှင်ပုဂ္ဂိုလ်အသီးသီး၏ ဆွေးနွေးတင်ပြ အကြံပြုချက်များသည် တန်ဖိုးမဖြတ်နိုင်လောက်အောင် ကောင်းမွန်ပါတယ်။

ဒီနေရာမှာ မိမိပြောချင်တာက အားကစားမှာပဲဖြစ်ဖြစ် ကျန်းမာရေးမှာပဲဖြစ်ဖြစ် အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများ (workshops)၊ နှီးနှောဖလှယ်ပွဲများ(seminars)၊ panel discussion များ၊ symposium များ ပြုလုပ်ပြီးတဲ့အခါတိုင်း ပေါ်ထွက်လာတဲ့ အကြံပြုချက်များ၊ တိုက်တွန်းချက်များ၊ ဆွေးနွေးချက်များ၊ အစီရင်ခံစာ (report) များကို အလေးအနက်ထားပြီး ပြန်လည်သုံးသပ်မှုနှင့် အရေးယူ ဆောင်ရွက်မှုများ မြန်မာနိုင်ငံမှာ အားနည်းနေပါတယ်။

ဒီအလွန်ကောင်းမွန်သော အမျိုးသားအဆင့်ဆွေးနွေးပွဲ (National Sports Seminar)ရဲ့ အစီရင်ခံစာ(report)မှာ ပါရှိတဲ့ အချက်များကို မည်သူတွေ၊ မည်သည့်အဖွဲ့များက အသေးစိတ်လေ့လာပြီး ဆောင်ရွက် သလားလို့မေးရင် သေချာစွာမဆောင်ရွက်ဟု မိမိပြောရဲပါတယ်။ အမှန်အတိုင်းဝန်ခံရရင် မိမိတို့အနေဖြင့် တာဝန်မကျေပါ။ မိမိတို့ အဆိုပါ အစီရင်ခံစာတွင်ပါရှိခဲ့သည့် ဆွေးနွေးအကြံပြုချက်များကို စနစ်တကျ စေ့စပ်သေချာစွာ ဆန်းစစ်သုံးသပ်ခြင်း မပြုလုပ်ခဲ့ကြပါ။

အမှန်တကယ်တော့ ကောင်းမွန်သော အကြံပြုချက်များကို ထုတ်နှုတ်ပြီး ဦးစားပေးအစီအစဉ်များကို (၂၀၁၈-၂၀၁၉)ခုနှစ် လုပ်ငန်း အစီအစဉ်(work plan) မှာထည့်ရပါမယ်။

အမှန်ဖြစ်သင့်တာကတော့ အားကစားနှင့်ကာယပညာဦးစီးဌာနမှာ ဒီအချက်တွေကို ဆန်းစစ်သုံးသပ် (analyze) လုပ်ကြပါ၊ ပြီးရင် ဦးစားပေး (prioritize) သတ်မှတ်ပြီးတော့ အဲဒီ ဦးစားပေးလုပ်ငန်းတွေကို ယခုအစည်းအဝေး တက်ရောက်လာတဲ့ သူတွေထံ တင်ပြဆုံးဖြတ်ပြီး သဘောတူညီချက်ရယူရမှာဖြစ်ပါတယ်။

ဒီ အစည်းအဝေးမှတ်တမ်း (report) သည် အလွန်အကျိုးရှိ အဖိုးတန်ပြီး လက်တွေ့လုပ်ဆောင်နိုင်မယ့် လုပ်ငန်းတွေ အများကြီး ပါဝင်ပါတယ်။ ဥပမာ တင်စားပြောရမယ်ဆိုရင် ဒီအစည်းအဝေးမှတ်တမ်းကြီးဟာ ရွှေတွင်းကြီးတစ်ခုနဲ့တူပါတယ်၊ ကျွန်တော်တို့အနေနဲ့ ဒီရွှေတွင်းကြီးကို အကျိုးရှိအောင် ထုတ်ယူသုံးစွဲဖို့လိုပါမယ်၊ ဒီအစည်းအဝေးမှတ်တမ်းမှာပါဝင်တဲ့ ဆွေးနွေးအကြံပြုချက်များပေါ်မူတည်ပြီး အားကစား ကဏ္ဍမှာ လိုအပ်တာကို ဆက်လုပ်ရမှာဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးအကြံပြုချက်များနဲ့ပတ်သက်ပြီးတော့လည်း သက်ဆိုင်ရာကဏ္ဍအလိုက် အဖွဲ့ငယ်များ ဖွဲ့ရပါမယ်၊ အဲဒီအဖွဲ့ငယ်တွေမှာ အသေးစိတ် ထပ်မံ ဆွေးနွေးပြီး ဘယ်သူက ဘာလုပ်မယ်ဆိုတာကို စဉ်းစားကြရမှာဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ အချက်အနည်းငယ်ကို ထပ်မံပြောကြားလိုပါတယ်၊ အားကစားနှင့်ကာယပညာသိပ္ပံကျောင်း (၆) ကျောင်းနှင့် ပတ်သက်ပြီး မျိုးဆက်သစ်အားကစားသမားများ ရွေးချယ်စုဆောင်းရာမှာ သတ်မှတ်ချက် (criteria)များ၊ လေ့ကျင့်သင်ကြားမှုပုံစံစနစ်များ (methods of teaching/ practicing)၊ အုပ်ချုပ်မှု ပုံစံစနစ်များ (administration)၊ တာဝန်ယူမှု တာဝန်ခံမှုစနစ်များ (responsibility and accountability)၊ လေ့လာဆန်းစစ်မှုစနစ် (assessment and monitoring system) များကို ပြန်လည်ဆန်းစစ်သုံးသပ်ပြီး လုပ်ငန်းများ ယခုထက်ပိုကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ပါတယ်။ အဲဒီလို ပြန်လည်ဆန်းစစ်သုံးသပ်တဲ့အခါမှာလည်း ရှေးရိုးစွဲမှ ဖောက်ထွက်သော ဆန်းသစ်သည့် အတွေးအမြင်၊ အကြံဉာဏ်များနဲ့ သိပ္ပံနည်းကျဆောင်ရွက်သွားဖို့လည်းလိုပါတယ်၊ နည်းပြများရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကိုလည်း ဘယ်လိုမြှင့်သင့်တယ်၊ အာဆီယံအဆင့်၊ အာရှအဆင့်၊ ကမ္ဘာ့အဆင့် အောင်မြင်မှုရရှိသော အားကစားသမားများကို အားပေးချီးမြှောက် (incentive) ရန်အတွက်ကိုလည်း တိတိကျကျ သတ်မှတ်ရပါမယ်၊ အဲဒီကိစ္စအတွက် လိုအပ်ပါက အစိုးရအဖွဲ့ထံ တင်ပြပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

အားကစားပြိုင်ပွဲများတွင် အောင်နိုင်ရေးအတွက်သာမကဘဲ တစ်မျိုးသားလုံး ကျန်းမာဖွံ့ဖြိုးပြီး ကြံ့ခိုင်စေရေး (national fitness) အတွက် "ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး" (Exercise is Medicine) ကို အားပေးမြှင့်တင်ခြင်းဖြင့် ပြည်သူများကိုယ်လက်လှုပ်ရှား အားကစားတစ်ခုခုကို ပိုမိုစိတ်ဝင်စားစေရန်နှင့် လေ့ကျင့်ဆောင်ရွက် နိုင်ရန်တို့ကိုလည်း အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိပါတယ်။ အားကစား အဖွဲ့ချုပ်များအနေနဲ့လည်း တတ်နိုင်သမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုပါတယ်။

အားကစားတွင် အောင်မြင်မှုရရှိရန်မှာ ဖြည်းဖြည်းနဲ့မှန်မှန် အဆင့်လိုက်အဆင့်လိုက် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ အားကစားသမားများအနေဖြင့် သက်လုံကောင်းစေရန် (stamina)၊ လျင်မြန်ဖျတ်လတ် စေရန် (agility)၊ အနိုင်မခံအရှုံးမပေး စိတ်ဓါတ်ရှိစေရန်၊ အာဟာရပြည့်ဝဖွံ့ဖြိုးစေရန်၊ နည်းစနစ်မှန်မှန် လေ့ကျင့်မှုအားကောင်းစေရန်၊ sporting spirit ပိုမိုရှိစေရန်တို့ကို သိပ္ပံနည်းကျ (scientific basis of training) ဖြင့် လေ့ကျင့်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။

သင်တန်းဆရာများ ပိုမို အရည်အသွေးမြှင့်တင်ရေး၊ ကွန်ရက်ချိတ်ဆက်၍ နိုင်ငံများနှင့် ပူးပေါင်းသင်တန်းပေးမှု (networking and training)၊ ကျောင်းပေါင်းစုံ၊ တက္ကသိုလ်ပေါင်းစုံ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ဝန်ကြီးဌာန ပြိုင်ပွဲများကို ပိုမိုလုပ်ဖို့လို ပါတယ်။

အားကစားအောင်မြင်မှုများ ရရှိတဲ့နိုင်ငံများမှာ မည်ကဲ့သို့ လုပ်ကိုင်ကြိုးပမ်းဆောင်ရွက်နေတယ်ဆိုတာတွေကို သိရှိရန်နှင့် အတုယူဆောင်ရွက်နိုင်ရန်အတွက် အင်တာနက်စာမျက်နှာမှတစ်ဆင့် အမြဲလေ့လာ သုံးသပ်ဆောင်ရွက်နေရမှာ ဖြစ်ပါတယ်။ ထိုသို့ သုံးသပ်ဆောင်ရွက်နိုင်ဖို့ကိုလည်း ဦးစီးဌာနတွင် အဖွဲ့ငယ်တစ်ဖွဲ့ ဖွဲ့ပြီး လုပ်ဆောင်ရမှာဖြစ်ပါတယ်။

အားကစားအဖွဲ့ချုပ်များအနေဖြင့် စာသင်ကျောင်းများ၊ တက္ကသိုလ်များတွင် အားကစားလိုက်စားလေ့ကျင့်မှုများကို ပိုမိုစိတ်ဝင်စားမှု ရရှိစေရန်နှင့် လုပ်ဆောင်ကြစေရန်ကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြစေလို ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနကို ယခု (၂၀၁၈-၂၀၁၉) ခုနှစ် ဘဏ္ဍာနှစ်တွင် မူလခွင့်ပြု ဘဏ္ဍာငွေများအပြင် ထပ်ဆောင်း ဘဏ္ဍာငွေ (၂၃) ဘီလီယံကျပ်ခန့်ကိုလည်း ထပ်မံ ပေးအပ်ထားပါတယ်။

အားကစားအဖွဲ့ချုပ်များကလည်း လိုအပ်ချက်များ၊ အခက်အခဲများ၊ ပြောကြားလိုသည်များကို ပြည်ထောင်စုဝန်ကြီး၏ အီးမေးလ်ဖြစ်သော (myinthtwe@mohs.gov.mm) သို့ တိုက်ရိုက်ဆက်သွယ် ပြောကြား အကြံပြုနိုင်ပါတယ်။

နိုင်ငံတကာတွင် အားကစားပြိုင်ပွဲဝင်ခဲ့သည့် အားကစားအဖွဲ့များ၊ အားကစားသမားများကလည်း မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါ တစ်ပတ်ကာလအတွင်း မိမိတို့ မည်သည့်အကြောင်းအရာအချက်များ ကြောင့် အနိုင်ရရှိခဲ့သည် (သို့မဟုတ်) ရှုံးနိမ့်ခဲ့သည်တို့ကို သုံးသပ်၍ ပြောကြား ဆွေးနွေးကြစေလိုပါတယ်။

ကျောင်းများမှာလည်း အားကစားသည် သင်ရိုးညွှန်းတမ်း တစ်ခုအနေဖြင့် ပါဝင်သင့်ပြီး အခြား ကျောင်းသင်ခန်းစာ သင်ရိုးညွှန်းတမ်းများကို လျော့ချသင့်ပါတယ်။ တက္ကသိုလ်များ၌သာ သက်ဆိုင်ရာ ဘာသာရပ် အလိုက် ပိုမိုသင်ကြားခြင်းများ ပြုလုပ်သင့်ပါတယ်။

ဒီလို အားကစားလောက ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုအောင်မြင်မှုရရှိရေးတို့အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတစ်ခုတည်း လုပ်ဆောင်၍မရပါဘူး၊ ဝန်ကြီးဌာနများအားလုံးမြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ်များ အပါအဝင် အားလုံးကနေပြီးတော့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှာ အောင်မြင်မှုရရှိမှာဖြစ်ပါတယ်။

ဝန်ကြီးဌာနအနေဖြင့် အားကစားကဏ္ဍ ယခုထက်ပိုမိုဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပံ့ပိုးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

More Tags