ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေထားသော Mobile Tablet များ တွင်ထည့်သွင်းထားရှိသည့် စာအုပ်စာတမ်းများနှင့် Application များအား ပြန်လည်စိစစ်၍ Update ပြုလုပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်

     ကျန်းမာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရန်၊ ပြည်သူများ၏ ကျန်းမာရေးအသိပညာမြင့်မားတိုးတက်လာစေရန်နှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စေရန်ရည်ရွယ်၍ ခေတ်မီပြောင်းလဲတိုးတက်လာသော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာရပ်များ (Information and Communications Technology) နှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မြို့နယ်ဆရာဝန်များ၊ တိုက်နယ်ဆရာဝန်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများသို့ ဖြန့်ဝေလျက်ရှိသော Mobile Tablet များတွင် ထည့်သွင်းထားရှိသည့် စာအုပ်စာတမ်းများနှင့် Application များအား ပြန်လည် စိစစ်၍ Update ပြုလုပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၄) ရက်၊ နေ့လယ် (၁း၀၀) အချိန်တွင်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇)၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

     ဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ E-Government အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန်က ယခုကျင်းပသည့် ဆွေးနွေးပွဲသည် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်ဖြင့် Mobile Tablet များတွင် ထည့်သွင်းထားရှိသည့် စာအုပ်စာတမ်းများအား သက်ဆိုင်ရာ စီမံချက်အလိုက်၊ ဦးစီးဌာနများအလိုက်၊ ဘာသာရပ်ဆိုင်ရာအလိုက် Update ပြုလုပ်ရန်ဖြစ်ကြောင်း၊ Mobile Tablet များတွင် ထည့်သွင်းထားသည့် စာအုပ်စာတမ်းများမှာ (၂) နှစ်ခန့် ကြာမြင့်ပြီဖြစ်၍ Update ပြုလုပ်ရန်လိုပါကြောင်း၊ စာအုပ်စာတမ်းများကိုလည်း စာအုပ်အမည်၊ စာအုပ်မျက်နှာဖုံး၊ ထုတ်ဝေသည့်ခုနှစ်၊ ဌာနအမည်စသည်ဖြင့် ပြည့်စုံစွာပါရှိစေချင်ကြောင်း၊ Up to Date ဖြစ်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် ဦးစီးဌာနများအလိုက် သေချာစွာစိစစ်ပြီးမှ ပေးပို့စေလိုကြောင်း၊ သက်ဆိုင်ရာဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်အလိုက် Profile အကျဉ်းချုပ်ထည့်ပေးရန်လိုကြောင်း၊ ကုသရေးဦးစီးဌာနမှ ဆရာဝန်များအတွက် သိသင့်သိထိုက်သော လုပ်ထုံးလုပ်နည်းများ၊ လမ်းညွှန်စာအုပ်များကို စုစည်းပေးစေလိုကြောင်း (ဥပမာ- Patient Safety) ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သူနာပြု/သားဖွားများအတွက် သိသင့်သိထိုက်သည့် Document များရှိလျှင်ထည့်ပေးစေချင်ကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ “Exercise is Medicine” နှင့် ပတ်သက်သည့် စာအုပ်စာတမ်းများကို ထည့်ပေးစေချင်ကြောင်း၊ ယခင်ထည့်သွင်းထားသည့် စာအုပ်စာတမ်းများအား Soft Copy ပေးမည်ဖြစ်ပြီး Tablet Contents များကို တစ်ပတ်အတွင်း စိစစ်၍ Update ပြုလုပ်စေလိုကြောင်း၊ ချင်းပြည်နယ်သို့ မကြာမီအချိန်အတွင်း Tablet များဖြန့်ဝေမည်ဖြစ်၍ Documents များကို Update ဖြစ်စေချင်ကြောင်း ပြောကြားခဲ့ပါသည်။

 

     ထို့နောက် တက်ရောက်လာသူများမှ Mobile Tablet တွင် ဖြည့်စွက်ထည့်သွင်းလိုသည်များကိုလည်းကောင်း၊ ပေးပို့ရမည့် Format ကို တပြေးညီဖြစ်စေရန်၊ PDF File များကို Mobile Tablet ဖြင့် ဖတ်ရလွယ်ကူစေနိုင်သည့် File size (Maximum 10 MB) အထိသာထားရန်နှင့် Font Error များမရှိစေရန်အတွက်လည်းကောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

 

     အဆိုပါဆွေးနွေးပွဲတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန်(စီမံ/ဘဏ္ဍာ)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းနှင့် ဌာခွဲများမှတာဝန်ရှိသူများ၊ e-Government ကော်မတီဝင်များနှင့် သက်ဆိုင်ရာဦးစီးဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

More Tags