“ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲ” ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဇွန်လ (၅) ရက်

     နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ အရက်အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များ လျှော့ချရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘဝပုံစံများ လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်းပပျောက်ရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသား/ကျောင်းသူများတွင် ဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန်အတွက် ‘ကျန်းမာရေးအဆင့်မြှင့် ကျောင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ရေး အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ’ “National Seminar on Strengthening Health Promoting School” ကျင်းပပြုလုပ်ရန် စီစဉ် ဆောင်ရွက်လျက်ရှိရာ အမျိုးသားအဆင့်နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေး လုပ်ငန်းကော်မတီအစည်းအဝေးကို (၅-၆-၂၀၁၉) ရက်နေ့၊ နေ့လည် (၁:၃၀) နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရုံးအမှတ် (၄၇) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


 

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်‌များ၊ အမျိုးသားအဆင့် နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးလုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီများမှ တာဝန်ရှိသူများဖြစ်ကြသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အခြားကော်မတီဝင် စုစုပေါင်း (၅၀) ဦးခန့် တက်ရောက်ဆွေးနွေးကြပါသည်။


 

     အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ကျင်းပရေးဆပ်ကော်မတီများ ဖြစ်ကြသော ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးနှင့် တည်းခိုနေထိုင်စားသောက်ရေးဆပ်ကော်မတီ၊ ကဏ္ဍအလိုက်တင်ပြခြင်း၊ ဆွေးနွေးခြင်း နှင့် မှတ်တမ်းတင်ရေးဆိုင်ရာဆပ်ကော်မတီ၊ သတင်းပြန်ကြားရေးဆပ်ကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှုဆပ်ကော်မတီနှင့် လုံခြုံရေးဆပ်ကော်မတီများမှ တာဝန်ရှိသူများက နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေး အတွက် စီစဉ်ထားရှိမှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အသီးသီးတင်ပြခဲ့ကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခဲ့ကြပါသည်။