ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(ယာယီ)မှ တိုင်းရင်းဆေးများနှင့် အလှူငွေများ လှူဒါန်းပွဲကျင်းပ

နေပြည်တော်။ အောက်တိုဘာ(၁၉)ရက်

     ရခိုင်ပြည်နယ်အတွင်း နေထိုင်သူများအတွက် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း(ယာယီ)မှ တိုင်းရင်းဆေးများနှင့် အလှူငွေများ လှူဒါန်းပွဲ အခမ်းအနားကို အောက်တိုဘာလ(၁၉)ရက်နေ့ နံနက်(၈)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။


 

     အခမ်းအနားတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (ယာယီ) ဥက္ကဌ ဦးမောင်မောင်ဦးက လှူဒါန်းရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင် ယခုအခါ ရခိုင်ဒေသဖြစ်စဉ်များကို တစ်ကမ္ဘာလုံးက အာရုံစိုက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆင်းရဲချမ်းသာမရွေး၊ လူမျိုး၊ ဘာသာမရွေး၊ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး တစ်စိတ်တစ်ဝမ်းတည်းရှိသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊

     ယခုကဲ့သို့ လိုအပ်သည့်အချိန်အခါတွင် လိုအပ်သည့်တိုင်းရင်းဆေးဝါးများနှင့် အလှူငွေများ ပေးအပ်သည့်အတွက် အထူးကျေးဇူးတင်ပါကြောင်း၊ ဆေးတစ်မျိုးခြင်းစီ၏အာနိသင်များကို ရှင်းလင်းဖေါ်ပြသည့် ဆေးအညွှန်းများကိုလည်း ပူးတွဲပေးပို့ပေးစေလိုပါကြောင်း၊ ယခုလှူဒါန်းသည့် တိုင်းရင်းဆေးများနှင့် အလှူငွေများကို ရခိုင်ဒေသ၌ နေထိုင်သူများထံသို့ အမြန်ဆုံးပေးပို့သွားမည်ဖြစ်ကြောင်း၊ ထို့ပြင် တိုင်းရင်းဆေးကဏ္ဍတိုးတက်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လက်တွေ့ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

     ယနေ့ လှူဒါန်းသည့် တိုင်းရင်းဆေးဝါးများမှာ အပူငြိမ်းဆေး၊ ချွဲသလိပ်ပျော်ဆေး၊ သူငယ်နာရင်လူးဆေး၊ လေငန်း၊ အကြော၊ ဒဏ်ကြေ၊ ကျီးပေါင်း လိမ်းဆေး၊ ငန်းနီကျော်၊ ငန်းဆေး၊ အဖျားဖြတ်ဆေး၊ အခိုးပွင့်ဆေး၊ အစာကြေလေနိုင်ဆေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါ သောက်ဆေး၊ သွေးချို ဆီးချိုကျဆေး၊ သွေးတိုးကျဆေးအပါအဝင် တိုင်းရင်းဆေးအမျိုးပေါင်း (၂၆) မျိုး၏ ဆေးဘူး၊ ဆေးထုတ်အရေအတွက် ပေါင်း (၃)သိန်းကျော်၊ တန်ဖိုးငွေ ကျပ် (၆၈၁) သိန်းကျော်နှင့် ငွေသားအလှူငွေ ကျပ်(၂၃)သိန်း၊ စုစုပေါင်း ကျပ်(၇၀၄) သိန်းဖိုးခန့် ဖြစ်ကြောင်းသတင်းရရှိသည်။

 
 

More Tags