ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် (၂၀၂၄) ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် ပါဝင်ချီတက်မည့်ဝန်ထမ်းများ၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် အားကစားသမားများအား တွေ့ဆုံမှာကြား

 
 
 
 
 
 
 
 
 

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ ပဥ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲ/ပိတ်ပွဲ အခမ်းအနားများတွင် ပါဝင်ချီတက်ကြမည့် ကျန်းမာရေးဝန်ထမ်းများ၊ အားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများ၊ အုပ်ချုပ်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးမည့်သူများအား ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားပြောကြားပါသည်။ ဖွင့်ပွဲ/ပိတ်ပွဲအခမ်းအနားများတွင် စနစ်တကျပျော်ရွှင်စွာ ပါဝင်ဆောင်ရွက်ရေး၊ ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကျန်းမာရေး ကောင်းမွန်စေရန် အစား အသောက်/အနေအထိုင် အထူးဂရုပြုဆောင်ရွက်ရေး၊ ဂုဏ်ယူစွာဖြင့် အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် ယှဉ်ပြိုင်နိုင်ရေး၊ ပါဝင်ဆောင်ရွက်ခွင့်ရရှိသည့် အခွင့် အရေးမှ အတွေ့အကြုံကောင်းများရယူရေး လမ်းညွှန်မှာကြားခဲ့ပါသည်။

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားအားကစားပွဲတော်ပါဝင်ယှဉ်ပြိုင် ကြမည့် အားကစားသမားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း၌ အသုံးပြုသည့် လူနာတင်ယာဉ်များတွင် ထိခိုက်ဒဏ်ရာလူနာများအတွက် အရေးပေါ်အသက်ကယ်ဆေးနှင့် ဆေးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုနှင့် စနစ်တကျအသုံးပြုနိုင်ရေး စီစဉ်ထားရှိမှု၊ အောက်ဆီဂျင်၊ အသက်ရှုကိရိယာ၊ လူနာအခြေအနေအလိုက် သယ်ယူပို့ဆောင် ပစ္စည်းအမျိုးမျိုး၊ အလွယ်တကူ သယ်ဆောင်နိုင်သည့် ဆေးအိတ်များအား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်နှင့်အညီ လွယ်လင့် တကူ အသုံးပြုနိုင်ရေး စီစဉ်ထားရှိရန် မှာကြားခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆက်လက်၍ မြို့တော်ဂေါက်ကွင်းရှိ ဂေါက်သီး အားကစားပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ မြှားပစ်ကွင်းရှိ ခရစ်ကတ်အားကစားပြိုင်ပွဲ၊ ဝဏ္ဏသိဒ္ဓိ မိုးလုံ လေလုံအားကစားရုံ (A) ရုံရှိ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ (B) ရုံရှိ ဘော်လီဘောပြိုင်ပွဲ၊ (C)ရုံတို့ရှိ ဖူဆယ်ဘောလုံးပြိုင်ပွဲတို့တွင် အားကစားသမားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးအဖွဲ့များ တာဝန်ထမ်းဆောင်နေမှုအခြေအနေ၊ ထိခိုက်ဒဏ်ရာလူနာများအပါအဝင် အရေးပေါ်လူနာများအတွက် ဆေးနှင့်ဆေးပစ္စည်းများ ပြင်ဆင်ထားရှိမှု၊ လိုအပ်ပါက လူနာစနစ်တကျ လွှဲပြောင်းနိုင်ရေး လူနာတင်ယာဉ်များ စီစဉ်ထားရှိမှုတို့အား ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။

     ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဖူဆယ် ဘောလုံးကွင်း၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအသင်းနှင့် ကျန်းမာရေးဝန်ကြီးဌာန အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအားကြည့်ရှုအားပေးခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနအသင်းမှ (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။ ဆက်လက်၍ ညနေပိုင်းတွင် ပျဉ်းမနားမြို့၊ ပေါင်းလောင်း ဘောလုံးကွင်း၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနအသင်းတို့ ဘောလုံးယှဉ်ပြိုင်ကစားနေမှုအားလည်း ကြည့်ရှုအားပေးခဲ့ကြပါသည်။

   ၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား လစ်ဟင်းမှုမရှိစေရေး ဆေးကုသရေးလုပ်ငန်းအဖွဲ့၊ ရေကောင်းရေသန့်သုံးစွဲရေးနှင့်အစားအစာကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ ကူးစက်ရောဂါနှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ အလေးထားဆောင်ရွက်လျက်ရှိပြီး အားကစားနည်းအမျိုးအစားများအလိုက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ဆေးအဖွဲ့ (၃၈)ဖွဲ့၊ ကျန်းမာရေးဝန်ထမ်း (၂၅၀)ကျော်တို့မှ အားကစားပြိုင်ပွဲများ အပါအဝင် ဖွင့်ပွဲ၊ ပိတ်ပွဲအခမ်းအနား၊ ဖျော်ဖြေရေး အဖွဲ့များအားလည်း ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါကြောင်း၊ ထို့အပြင် ရွာတော်တည်းခိုရေးစခန်းတွင်လည်း (၂၄)နာရီ ဆေးခန်း ဖွင့်လှစ်ထားရှိကာ ဆေးပညာ၊ အရိုးနှင့်အကြောအဆစ်အထူးကုဆေးခန်းလည်း အချိန်ပိုင်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာ အထူးကုဆရာဝန်များဦးဆောင်၍ လာရောက်ပြသသည့် လူနာများ အား ကြည့်ရှုကုသစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် တိုင်းရင်းဆေးခန်းလည်း ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိပါသည်။ စည်ပင်ရိပ်သာနှင့် အားကစား ရွာ(Gold Camp)တို့တွင်လည်း (၂၄)နာရီ ဆေးခန်းဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး လယ်ဝေးသင်တန်းကျောင်း၌ တည်းခိုနေထိုင် ကြသော မသန်စွမ်းအားကစားသမားများအတွက် (၂၄)နာရီ ဆေးခန်းဖွင့်လှစ်ကာ ကျန်းမာ စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း သတင်းရရှိပါသည်။

 

 

More Tags