ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး

 
 
 

နေပြည်တော်၊ စက်တင်ဘာလ ၁၂ ရက်

      ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရေဘေးရှောင်စခန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးအပ်နေမှုကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကြည့်ရှုစစ်ဆေးသည်။

     ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ မင်္ဂလာဗျူဟာခန်းမ ရေဘေးရှောင်စခန်းတွင် ကျန်းမာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့် ရှောက်ပေးနေခြင်းကို ကြည့်ရှုစစ်ဆေးသည်။

     ၎င်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သပြေတောင်ရေဘေးရှောင်စခန်းတွင် ကျန်း မာရေးဝန်ထမ်းများက ရေဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လည်းကောင်း၊ တပေါင်းကွင်းကဇာတ်ရုံတွင် ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကိုလည်းကောင်း၊ ပုဗ္ဗသီရိမြို့နယ်၊ မရှိခဏဘုရားတွင် ကျန်းမာရေးစောင့် ရှောက်ပေးနေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဘေးရှောင်စခန်းများတွင် ဆေးဝါးနှင့်ဆေးပစ္စည်းများ လုံလောက်စွာ ထောက်ပံ့ပေးနိုင်မှုအခြေအနေ၊ (၂၄) နာရီအချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး၊ အစာမစားမီနှင့် အိမ်သာမှအထွက်တွင် စနစ်တကျ လက်ဆေးနိုင်ရေး၊ သန့်စင်သည့်ရေကို သောက်သုံးနိုင်ရေး၊ ရေသန့်စင်ဆေးပြားများ အသုံးပြုခြင်း နှင့် ကလိုရင်းဆေးခတ်ခြင်း စသည့် ရေသန့်စင်လုပ်ငန်းများဆောင်ရွက်နိုင်ရေး၊ အစားအစာများကို သန့်ရှင်းစွာနှင့် ပူပူနွေးနွေးစားသုံးနိုင်ရေး၊ လက်ဆေးနိုင်ရန်အတွက် ဆပ်ပြာနှင့်ရေ အဆင်သင့်ရရှိစေရေးနှင့် အိမ်သာများသန့်ရှင်းမှုရှိစေရေး စသည့် သန့်လေးသန့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေမှုအခြေအနေ၊ အမှိုက်များကို အဖုံးပါသည့်အမှိုက်ပုံးများတွင် စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ရေဘေးရှောင်ပြည်သူများအား ကူးစက်ရောဂါများကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးရေးနှင့် ဆေးရုံသို့ လွှဲပြောင်းကုသရန်လိုအပ်သည့် လူနာများကို အချိန်နှင့် တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ရေးကိစ္စများ ကို လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

     ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီး ဌာနတို့၏ လမ်းညွှန်ပံ့ပိုးမှုဖြင့် နေပြည်တော်၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနအနေဖြင့် တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်၊ ရေဘေးရှောင်စခန်း (၃၅)ခုတွင် ဆရာဝန် (၂၁)ဦး၊ အခြေခံကျန်းမာရေးဝန်ထမ်း (၁၂၇)ဦးတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ရေပြန်လည်ကျဆင်းပြီး နောက်တွင် ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ကူးစက် ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ရေတွင်းရေကန်များကို ရေဆိုးထုတ်ခြင်း၊ ကလိုရင်းဆေးခပ်ခြင်းနှင့် ခြင်ကျားလောက်လန်းများ နှိမ်နင်းရန်အတွက် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ဒေသအလိုက် ကျန်းမာရေးဝန်ထမ်းများက အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ နှီးနွယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူ များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

.

More Tags