နေပြည်တော်၊ စက်တင်ဘာ ၁၂
၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်းဌာနချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့် နှီးနွယ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဗဟို ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ အသင်းဌာနချုပ်မှ လက်ထောက်အထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ၊ ဖက်ဒရေးရှင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့မှ တာဝန်ရှိသူများ၊ ထူးချွန်ဆုရရှိသူများနှင့် ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများကို လူသားချင်းစာနာစိတ်အပြည့်ဖြင့် ရှေးဦး ပြုစုခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်ပေးရုံသာမက နိုင်ငံအတွင်း လူမှုကရုဏာဆိုင်ရာအကူအညီ လိုအပ်သူများအတွက် အကူအညီများပေးခြင်း၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင် ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ခြင်း၊ စေတနာသွေးလှူရှင်လုပ်ငန်းများနှင့် အရေးပေါ်လူနာတင်ယာဉ် လုပ်ငန်းများဆောင်ရွက်ပေးခြင်းအပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ၊ မိုခါမုန်တိုင်းကြိုတင်ပြင်ဆင်တုံ့ပြန်ခြင်းလုပ်ငန်းများတွင်လည်း ပြည်သူလူထုအတွက် စွမ်းစွမ်းတမံ အသက်စွန့်ပြီး ဆောင်ရွက်ပေး လျက်ရှိကြောင်း၊
ထို့အပြင် မကြာမီက ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးနှင့် အခြားသော တိုင်းဒေသကြီး၊ ပြည်နယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့် ကာလများတွင်လည်း ကာကွယ် တားဆီးခြင်းနှင့် တုံ့ပြန်ခြင်းလုပ်ငန်းများအဖြစ် အသင်းတွင်ရှိသည့် ကြက်ခြေနီစေတနာလုပ်ငန်းရှင်များက ရပ်ရွာအတွင်း အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်ဝေငှခြင်း၊ လူနာများအား ဆေးရုံဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ ကလိုရင်းဆေးခတ်ရာတွင် ကျန်းမာရေးဌာနနှင့်အတူ ကူညီဆောင်ရွက်ပေးခြင်း၊ ဓာတ်ဆားထုပ်များနှင့် ကလိုရင်းဆေးမှုန့်များ ထောက်ပံ့ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အပြင် ယခု မျောက်ကျောက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူလူထုအတွက် ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့မြင်ရ ပါကြောင်း၊
ကြက်ခြေနီမောင်မယ်တို့အနေဖြင့် မိမိတို့ပိုင်နိုင်စွာ တတ်ကျွမ်းထားသည့် ရှေးဦးပြုစုခြင်း၊ နည်းစနစ်များကို ပြည်သူအားလုံးလက်လှမ်းမှီ သိရှိသင်ယူနိုင်ရန်အတွက် ကြိုးစား ဆောင်ရွက်ကြရန်၊ ရှေးဦးပြုစုခြင်းပြိုင်ပွဲကနေရရှိသည့် အတွေ့အကြုံကောင်းများကို မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များတွင် ပြန်လည်ပြီး မျှဝေပေးကြရန်၊ လူမှုူကရုဏာဆိုင်ရာ အကူအညီလိုအပ်သော ပြည်သူတိုင်းအတွက် ကြက်ခြေနီ၏ အခန်းကဏ္ဍကနေ သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးနှင့် တက်ညီလက်ညီစုပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်က ကမ္ဘာ့ရှေးဦးပြုစု ခြင်းနှင့် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်းမှ Head of Myanmar Delegation Ms. Nadia Christine Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီမှ First Aid and Pre-Hospital Emergency Care Delegate Mr.Andrew Mok Yuan Min တို့က နှုတ်ခွန်းဆက်စကားပြောကြားကာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် ရှေးဦးပြုစုခြင်း (တစ်ဦးချင်း-အမျိုးသား) စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယ ဆုရရှိသူများနှင့် တံခွန်စိုက်ဆုရရှိသော တိုင်းဒေသကြီး/ပြည်နယ်အား ဆုများပေးအပ်ချီးမြှင့်ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ မြန်မာနိုင်ငံဆေးကောင်စီ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်များအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးများနှင့်ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌနှင့် IFRC Head of Myanmar Delegation တို့က ဆုများဆက်လက်ပေးအပ်ချီးမြှင့် ကြသည်။
အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော ပြခန်းကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ကမ္ဘာတစ်ဝန်းလုံးရှိ အမျိုးသားကြက်ခြေနီနှင့် လခြမ်းနီအသင်းဝင်နိုင်ငံပေါင်း ၁၉၁ နိုင်ငံတွင် နှစ်တစ်နှစ်၏ စက်တင်ဘာလ ဒုတိယပတ် စနေနေ့ကို ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်ခမ်းအနားများ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ်အခမ်းအနားကို ၂၀၀၃ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် (၂၂)ကြိမ်မြောက်အဖြစ် ကျင်းပခြင်းဖြစ်ကြောင်းနှင့် ယခုနှစ်ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ “အားကစားအတွက် အမြဲကူညီ ရှေးဦးပြုစုခြင်း အသင့်ရှိသည်" "First Aid and Sports Ready, Set, Respond” ဖြစ်ကြောင်း။