နေပြည်တော်၊ စက်တင်ဘာလ (၁၀) ရက်
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းအား ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့မှ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံနှုတ်ဆက်ခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲတွင် နှစ်နိုင်ငံဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် လေးစားမှုတို့ဖြင့် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေးကိစ္စရပ်များ၊ Shanghai Cooperation Organization (SCO)အဖွဲ့ဝင်နိုင်ငံများနှင့် ကျန်းမာရေးပူးပေါင်း ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံအနေဖြင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များနှင့် ဆေးဘက်ဆိုင်ရာတက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များ၊ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းဆေး တက္ကသိုလ်များအချင်းချင်း ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လေ့ကျင့်ရေးသင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး သင်တန်းပို့ချခြင်းဆိုင်ရာကိစ္စရပ်များ၊ နှလုံးဆေးပညာနှင့် နှလုံးသွေးကြောခွဲစိတ်မှုလုပ်ငန်းများတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းကိုအခြေခံ၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။