ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက် ကြည့်ရှုအားပေး

 
 
 
 
 
 
 

နေပြည်တော်၊ စက်တင်ဘာ ၈

     ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် စက်တင်ဘာလ (၈)ရက်နေ့၊ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၊ လေ့ကျင့်ရေးခန်းမ(၃)၌ ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးသည်။

     ယနေ့ကျင်းပသည့် ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနပေါင်းစုံ အလွတ်တန်းပိုက်ကျော်ခြင်း (အမျိုးသား) ပြိုင်ပွဲတွင် အောင်မြင်စွာဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ပြိုင်ပွဲဝင်များ စိစစ်ရွေးချယ်နိုင်ရေး၊ ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရေး၊ မြန်မာ့ပိုက်ကျော်ခြင်းအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေးနှင့် ထူးချွန်သော မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေး စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယနေ့ကျင်းပသည့်ဗိုလ်လုပွဲတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(က) အသင်းနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(ခ)အသင်းတို့အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(က) အသင်းက အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန(ခ)အသင်းကို အနိုင်ရရှိသည်။

     ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက ပထမဆုရအသင်းအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များက ဒုတိယဆုနှင့် တတိယဆုရအသင်းများအား ဂုဏ်ပြုဆုနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း၊ နှစ်သိမ့်ဆုရအသင်းအား ချီးမြှင့်ငွေကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင်အသင်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်ခဲ့ပါသည်။

     ကျန်းမာရေးဝန်ကြီးဌာန၏ အလွတ်တန်းပိုက်ကျော်ခြင်း ဖိတ်ခေါ်ပြိုင်ပွဲကို စက်တင်ဘာလ (၇)ရက်နေ့နှင့် (၈)ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ ကျန်းမာရေးဝန်ကြီး ဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ပြိုင်ပွဲဝင်အမျိုးသားအသင်း ခုနစ်သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။

More Tags