နေပြည်တော်၊ (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် (၅-၉-၂၀၂၄) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် မြန်မာနိုင်ငံရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟို ဌာနနှင့် သင်တန်းကျောင်း (Myanmar CDC) ၌ Virtual စနစ်ဖြင့် ပြုလုပ်ခဲ့သည့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာတွင် -
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ပူးပေါင်းကြိုးပမ်းဆောင်ရွက်မှုနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အားထုတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းအသီးသီးတွင် အောင်မြင်မှုများရရှိခဲ့သည့် သာဓကများရှိပါကြောင်း၊
- ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးလုပ်ငန်းများ၏ အဆိုပါအောင်မြင်မှုသာဓကများကို သင်ခန်းစာရယူကာ ရှေ့ကာလများတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပိုမိုကောင်းမွန် အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုပါကြောင်း၊
- နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များဖြစ်သည့် ဆေးရုံများသည် ပြည်သူများအတွက် အားကိုးဖွယ်ရာဖြစ်အောင် ဆောင်ရွက်ရန်၊ လူနာများအား ပြောဆိုဆက်ဆံရာတွင် ချိုသာယဉ်ကျေးစွာဖြင့် ပြောဆိုဆက်ဆံရန်၊ လူနာများအား ကုသစောင့်ရှောက်မှုပေးရာတွင် စနစ်တကျရှိရန်၊ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေသူများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုများ ကောင်းမွန်ရန်၊ ပြည်သူများက အားကိုးရသည့် ကျန်းမာရေး ဝန်ထမ်းများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ ဆေးရုံများတွင် ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ အကြမ်းဖက်သမားများ၏ ဖျက်ဆီးခြင်းခံရသော ဆေးရုံအဆောက်အအုံနှင့် စက်ပစ္စည်းများကို ပြန်လည်ပြင်ဆင်ပေးရန်နှင့် ဆေးရုံသုံးပစ္စည်းများကို ဖြည့်ဆည်းပေးရန်စသည့် လမ်းညွှန်ချက်များအတိုင်း ဝန်ကြီးဌာနအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
- ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များနှင့် ပြည်သူများအတွက် ရောဂါကာကွယ်ရေးနည်းလမ်းများကို အမြဲထုတ်ပြန်ပေးလျက်ရှိပါကြောင်း၊
- Mpox ရောဂါသည် မိမိတို့နှင့် အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပွားလျက်ရှိသော်လည်း မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားမှု မရှိသေးပါကြောင်း၊ ပြည်တွင်းသို့လာရောက်သည့် နိုင်ငံတကာ အဝင်ဂိတ်ပေါက်များမှ ဝင်ရောက်လာမည့် ခရီးသည်များမှတစ်ဆင့် ကူးစက်ဖြစ်ပွားမှု မရှိစေရေး စနစ်တကျ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း၊
- Mpox ရောဂါသည် ကိုဗစ်-၁၉ ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါမဟုတ်ဘဲ ရောဂါဖြစ်သူနှင့် အနီးကပ်ထိတွေ့ဆက်ဆံမှသာ ကူးစက်နိုင်သည့်ရောဂါဖြစ်ပါကြောင်း၊ ရောဂါဖြစ်ပွားနိုင်သည့် လူအုပ်စု (Special targeted group) များအလိုက် အသိပညာပေးကာကွယ်ရေးလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊
- ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအနေဖြင့် ကူးစက်ရောဂါနှင့် မကူးစက်တတ်သောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နိုင်နင်းစွာဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပြီး ကျေးလက်ဒေသများရှိ ကျန်းမာရေးဌာနများအထိ ဆေးဝါးများနှင့် ပစ္စည်းကိရိယာများကို လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ကြောင်း၊
- ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ရာ၌ တိုင်းဒေသကြီး/ ပြည်နယ်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ကုသရေးဦးစီးဌာန ဆေးရုံများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မကူးစက်နိုင်သောရောဂါများ၊ တီဘီရောဂါ၊ ငှက်ဖျားရောဂါနှင့် ခုခံအား ကျဆင်းမှုကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစီမံချက်များမှ ဆေးဝါးများကိုလည်း ပြည်သူများထံ ထိရောက်စွာရောက်ရှိရေးအတွက် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ ညှိနှိုင်းပေါင်းစပ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
- ဆေးရုံများတွင် အရေးပေါ်လူနာများအတွက် ဆေးဝါးများ၊ အခြေခံ ဓာတ်ခွဲစစ်ဆေးမှုနှင့် ဓာတ်မှန်ရိုက်ကူးမှုတို့အား အခမဲ့ဆက်လက် ပံ့ပိုးပေးသွားမည် ဖြစ်ပါကြောင်း၊
- ဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့် ဆေးဝါးများနှင့် ပစ္စည်းကိရိယာများကို ဖြည့်တင်းပံ့ပိုး ပေးလျက်ရှိပြီး ထပ်မံလိုအပ်သည်များအား ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ပါကြောင်း၊
- ဆေးရုံများနှင့် ကျန်းမာရေးဌာနများ သန့်ရှင်းသပ်ရပ်ရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး တို့ကိုလည်း အထူးအလေးထားကာ ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊
- တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် အောက်ခြေအဆင့်အထိကွင်းဆင်းကာ ကြီးကြပ်လမ်းညွှန်မှုနှင့် ပံ့ပိုးမှုများကို ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
- နိုင်ငံတော်အနေဖြင့်လည်း ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အထူးအလေးထားကာ ပံ့ပိုးဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊
- သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ ကျန်းမာရေးဌာနများနှင့် ဆေးရုံများရှိ ကျန်းမာရေးဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှု ပိုမိုကောင်းမွန်စေရေးအတွက် လေ့ကျင့်ပေးမှုများနှင့် သင်ကြားပြသမှုများကို အစီအမံအမျိုးမျိုးဖြင့် ဆောင်ရွက်စေလိုပါကြောင်း၊
- တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများအနေဖြင့် မိမိတို့၏ ဝန်ထမ်းများအား စည်းရုံးအားပေးခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် သင်ပြလမ်းညွှန်ခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း၊
- တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆေးရုံအုပ်ကြီးများအနေဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးလုပ်ငန်းများ ကောင်းမွန်သည် ထက်ပိုမိုကောင်းမွန်စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ဆွေးနွေးမှာကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် တင်ပြခဲ့ရာတွင် -
- ကျန်းမာရေးဌာနများနှင့် ဆေးရုံများ ဖွင့်လှစ်ဆောင်ရွက်မှုနှင့် ကျန်းမာရေးစောင့်ရှောက်ပေးမှု အခြေအနေ၊
- သားဖွားခန်းများတွင် မွေးဖွားပေးနိုင်မှု အခြေအနေ၊
- ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စီမံချက်လုပ်ငန်းများမှ ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ ရရှိမှု၊ သုံးစွဲမှု အခြေအနေ၊
- ဆေးရုံများတွင် ဆေးဝါးများ၊ ဆေးပစ္စည်းကိရိယာများ ရရှိမှု၊ သုံးစွဲမှု အခြေအနေ၊
- Mpox ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်ရောဂါများ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊
- သဘာဝဘေးအန္တရာယ်များအတွက် ကျန်းမာရေးကဏ္ဍ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် တုံ့ပြန်ဆောင်ရွက်မှု အခြေအနေတို့နှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းတင်ပြခဲ့ကြပြီး ထပ်မံ ဖြည့်ဆည်းပေးရန်လိုအပ်သည်များအား တင်ပြခဲ့ကြပါသည်။
- ထိုသို့ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ပြန်လည်ဆွေးနွေးခဲ့ပြီး လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။
- အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။