ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အချို့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ရေသန့်စင်စက် တပ်ဆင်ထားသော ကားများဖြင့် သောက်ရေသန့် ပေးဝေခြင်း ဆောင်ရွက်

ရန်ကုန်၊ ဇူလိုင်လ (၁၄) ရက်နေ့၊ (၂၀၂၄)ခုနှစ်

     ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော မြို့နယ်အချို့တွင် သောက်ရေသန့်ရရှိရေး အထူးစီမံချက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ သန်လျင်မြို့နယ်နှင့် ခရမ်းမြို့နယ်များတွင် ရေသန့်စင်စက် တပ်ဆင်ထားသော ကားများဖြင့် ရေထွက်ပင်ရင်းမှ ရေကို တိုက်ရိုက် စုပ်ယူကာ Ceramic Membrane Filtration System ကိုအသုံးပြု၍ စနစ်တကျ သန့်စင်ပေးပြီး သောက်သုံးရန်အတွက် အသင့်ဖြစ်သော သောက်ရေသန့်ပေးဝေခြင်းကို ဆောင်ရွက်လျက်ရှိ ပါသည်။

     သောက်ရေသန့်ပေးဝေခြင်းကို (၁၃-၇-၂၀၂၄) ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိရာ (၁၃-၇-၂၀၂၄) ရက်နေ့တွင် ခရမ်းမြို့နယ်၊ (၇)ရပ်ကွက်၊ (၉)ရပ်ကွက်၊ (၁၀)ရပ်ကွက်ရှိ ရပ်ကွက် ရေလှောင်ကန်များမှ ရေဂါလန် (၉၅၀) ရယူ သန့်စင်ပြီး အိမ်ထောင်စု (၄၃၃) စု ကို သောက်ရေသန့် ပေးဝေခဲ့ပါသည်။ (၁၄-၇-၂၀၂၄) ရက်နေ့တွင် သန်လျင်မြို့နယ်၊ မြို့ဟောင်း ရပ်ကွက်တွင် ရေဂါလန် (၁၈၀၀) ကိုသန့်စင်ပြီး အိမ်ထောင်စု (၁၂၀) စု ကိုလည်းကောင်း၊ ခရမ်းမြို့နယ်၊ (၇)ရပ်ကွက်ရှိ ရပ်ကွက်ရေလှောင်ကန်မှ ရေဂါလန် (၇၅၀) ရယူသန့်စင်ပြီး အိမ်ထောင်စု (၇၅) စုကိုလည်းကောင်း သောက်ရေသန့် ပေးဝေခဲ့ပါသည်။ (၁၄-၇-၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းအထိ သန်လျင်နှင့်ခရမ်းမြို့နယ်များတွင် အိမ်ထောင်စု (၆၂၈) စု အတွက် စုစုပေါင်း သောက်ရေသန့် (၃၅၀၀) ဂါလန် ကို ပေးဝေနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags