07 Jul 24MOHSAdmin3

ရန်ကုန်တိုင်ဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက်

     ၂၀၂၄ ခုနှစ် ဇွန်လအစပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသည့် လူနာများရှိခဲ့ပြီး ထိုသို့ဖြစ်ပွားခြင်းသည် နှစ်စဉ်မိုးရာသီကာလတွင် ပုံမှန်အတိုင်း ဖြစ်ပွားမှုအနေဖြင့်သာရှိခဲ့ပါသည်။ ယခုနှစ်၊ ဇွန်လကုန်ပိုင်းလောက်မှ စတင်၍ သာကေတမြို့နယ် အပါအဝင် ရန်ကုန်အရှေ့ပိုင်းခရိုင်မြို့နယ် အချို့တွင် ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွား သည့် လူနာအချို့သည် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ခဲ့ပြီး လက်ရှိအချိန်ထိ ရောဂါကြောင့် သေဆုံးသည့် လူနာမရှိပါ။

     ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါသည် ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနှင့် ကပ်ပါးပိုးများ အစာအိမ်နှင့် အူလမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခြင်းကြောင့်ဖြစ်ပွားပြီး အဆိုပါရောဂါပိုးများသည် ယင်နားစာစသည့် မသန့်ရှင်းသည့်အစားအစာများနှင့် မသန့်ရှင်းသည့်ရေတို့မှတစ်ဆင့်လည်းကောင်း၊ လက်မသန့်စင်ခြင်းစသည့် တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်းကြောင့်လည်းကောင်း၊ ယင်မလုံသည့် အိမ်သာနှင့် အိမ်သာကန်များမှတစ်ဆင့်လည်းကောင်း ရောဂါအဆင့်ဆင့်ကူးစက်ဖြစ်ပွားပါသည်။

     ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်နိုင်ရေးအတွက် ယင်နားစာစသည့် မသန့်ရှင်း သည့် အစားအစာများကိုမသုံးစွဲခြင်း၊ FDA အသိအမှတ်ပြု သောက်ရေသန့် (သို့မဟုတ်) ရေသန့်စင်ဆေးပြားအသုံးပြု၍ သန့်စင်ထားသည့်ရေ (သို့မဟုတ်) ဆူပွက်အောင်ကျိုချက်ထားသည့် ရေ စသည့် သန့်ရှင်းသည့်ရေကိုသာ သောက်သုံးခြင်း၊ အစားအစာများကိုမစားသုံးမီနှင့် အိမ်သာမှ အထွက်တွင် လက်ကို ဆပ်ပြာနှင့် ရေအသုံးပြု၍ စနစ်တကျ သန့်စင်ဆေးကြောခြင်း၊ သန့်ရှင်းသည့် ယင်လုံအိမ်သာ (သို့မဟုတ်) ယင်လုံသည့်မိလ္လာကန်ကို အသုံးပြုခြင်းနှင့် ယင်ကောင်ပေါက်ဖွားမှု နည်းပါးစေရေးအတွက် စားကြွင်း၊ စားကျန်များအပါအဝင် အမှိုက်များကို စနစ်တကျစွန့်ပစ်ရန် လိုအပ်ပါသည်။

     ပြင်းထန် ဝမ်းပျက်၊ ဝမ်းလျှောရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန များနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်၍ စောစီးစွာ ကုသမှုခံယူသင့်ပါကြောင်း အသိပေးထုတ်ပြန် အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

(၆-၇-၂၀၂၄)

 

 
 

More Tags