ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင် အအေးခန်း အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားနှင့် ပြည်သူ့ဆေးရုံ၊ မှော်ဘီမြို့ (၂)ထပ် ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၅/၁၆ ရက်

     ရန်ကုန်တိုင်းဒေသကြီးကာကွယ်ဆေးသိုလှောင်အအေးခန်း အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာန အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

 

     ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လူမှုရေးရာဝန်ကြီးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းတို့က ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း (၃)ထပ် အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခြင်း၊ ဖွင့်ပွဲ အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးကာကွယ်ဆေးသိုလှောင်အအေးခန်း (၃)ထပ် အဆောက်အဦသစ် မြေညီထပ်တွင် ရှိသည့် အအေးခန်းများအတွင်း ကာကွယ်ဆေးများ သိုလှောင်ထားရှိနေပုံ၊ ဆက်စပ် ဆေးပစ္စည်းများ (Dry Stock)များ ထိန်းသိမ်းထားရှိနေမှုများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည် များကို မှာကြားဖြည့်ဆည်းပေးခဲ့ပါသည်။

 

     ဆက်လက်၍ (၃)ထပ်အဆောက်အဦသစ် အပေါ်ဆုံးထပ် သင်တန်းခန်းမတွင် ဖွင့်ပွဲ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးအတွင်းဗဟိုအဆင့် ဆေးရုံကြီး (၁၄)ရုံ အပါအဝင် ခရိုင်/မြို့နယ်/ တိုက်နယ်အဆင့် ဆေးရုံစုစုပေါင်း(၇၀)ရုံနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာန(၁၄)ခု၊ ဒေသန္တရ ကျန်းမာရေးဌာန (၂၆)ခု၊ တိုက်နယ်/ကျေးလက်ကျန်းမာရေးဌာန(၉၁)ခု၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ (၄၃၅)ခု အသီးသီး ဖွင့်လှစ်ထားရှိပြီး ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်လမ်းညွှန်မှု၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ အဖွဲ့များ၊ နှီးနွှယ်ဝန်ကြီးဌာနများ၏ ကူညီပံ့ပိုးမှုများကြောင့် (၂၀၂၂) ခုနှစ်နှင့် (၂၀၂၃) ခုနှစ်တို့တွင် (၂၀၂၁) ခုနှစ် ကာကွယ်ဆေးထိုး လွှမ်းခြုံမှု၏ နှစ်ဆကျော် ပြန်လည်မြင့်မားလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားလာသည့်အတွက် ကလေးငယ်များတွင် ဖြစ်ပွားနိုင်သည့် ရောဂါများ ကပ်အသွင် မဖြစ်ပွားအောင် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း ငါးမျိုးစပ်ကာကွယ်ဆေး (တတိယ အကြိမ်) လွှမ်းခြုံမှုသည် (၂၀၂၁)ခုနှစ်တွင် (၄၂)%မှ (၂၀၂၃)ခုနှစ်တွင် (၉၀)%အထိ ရရှိခဲ့ပါကြောင်း၊ ယခုဖွင့်လှစ်သည့် ကာကွယ်ဆေးသိုလှောင်အအေးခန်း (၃)ထပ်ဆောင်သစ်၏ အဆောက်အဦ၊ ရေ၊ မီးတို့အတွက် ကုန်ကျစရိတ်မှာ ခန့်မှန်းတန်ဖိုး မြန်မာကျပ် သိန်းပေါင်း (၇,၀၈၇)သိန်းခန့် (အမေရိကန်ဒေါ်လာ - ၃၃၇,၅၀၀ $)၊ ကျခံကာ GAVI အထောက်အပံ့ဖြင့် Ultra Company Ltd. မှ တာဝန်ယူဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုံမှန်ကာကွယ်ဆေးထိုး လုပ်ငန်းအတွက် လိုအပ်သော ကာကွယ်ဆေး (၂)လစာကို သိုလှောင်ထားနိုင်မည် ဖြစ်ပါကြောင်း၊ ယခုအသစ်ဖွင့်လှစ်သည့် (၃)ထပ်ဆောင်အဆောက်အဦသစ် ကို စတင် အသုံးပြုနိုင်တော့မှာ ဖြစ်သည့် အတွက် တိုးချဲ့ကာကွယ်ဆေး ထိုးလုပ်ငန်းများ ပိုမို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကာကွယ်ဆေး သိုလှောင်အအေးခန်း အဆောက်အဦသစ် တည်ဆောက်ရေး အတွက် ပံ့ပိုးပေးခဲ့သော GAVI နှင့် UNICEF အဖွဲ့ ၊ တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းအပါအဝင် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအား ကူညီပံ့ပိုးဆောင်ရွက်ပေးနေသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပူးပေါင်း ဆောင်ရွက်ပေးနေသည့် နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ထို့နောက် အဆောက်အဦနှင့် ပတ်သက်သော စာရွက်စာတမ်းများကို Ultra Company Ltd. မှ Managing Director ဦးဟိန်းထွန်းဦးက ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီး ကာကွယ်ဆေးသိုလှောင်အအေးခန်း (၃)ထပ်အဆောက်အဦသစ် သည် အလျား (၆၀) ပေ၊ အနံ (၄၈) ပေ၊ အမြင့် (၃၉) ပေရှိသော သုံးထပ်ဆောင် အဆောက်အဦဖြစ်ပါသည်။ မြေညီထပ်တွင် ကာကွယ်ဆေးများကို သိုလှောင် ထားရှိမည့် (30m3 capacity) Walk in cooler အအေးခန်း(၁)လုံး၊ (20m3 capacity) ရှိ Walk in freezer အအေးခန်း(၁)လုံး၊ Washing room (၁) ခန်း၊ Dry store (၁) ခန်းနှင့် အအေးလမ်းကြောင်း ရုံးခန်းတစ်ခန်းပါဝင်ကြောင်း၊ ပထမထပ်တွင် ရုံးခန်း(၁)ခန်း၊ Function Room (၃) ခန်း၊ ဒုတိယထပ်တွင် သင်တန်းခန်းမကျယ် (၁)ခန်းနှင့် Store (၁) ခန်း၊ Function Room (၁) ခန်း၊ အစား သောက်ပြင်ဆင်ခန်း(၁) ခန်း တို့ ပါဝင်ကြောင်း သတင်း ရရှိပါသည်။

     ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့၊ ယနေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံ၊ မှော်ဘီမြို့၏ (၂)ထပ်ကုသဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ရန်ကုန်တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှူး၊ ကျန်းမာရေးဝန်ထမ်း များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ကုသရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးတို့က (၂)ထပ်ကုသဆောင်သစ်ကို ဖဲကြိုဖြတ်၍ ဖွင့်လှစ်ပေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကူးခြင်း၊ ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။

     ဆက်လက်၍ (၂)ထပ်ကုသဆောင်သစ်ရှေ့ရှိ ယာယီမဏ္ဍပ်တွင် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် မှော်ဘီမြို့သည် ရန်ကုန် - ပြည် ကားလမ်းမကြီးပေါ်တွင် တည်ရှိ၍ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်စသော အထူးဇုန်များတည်ရှိကာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးတိုးတက် သော မြို့တစ်မြို့ဖြစ်ပြီး ရပ်ကွက် (၄)ခု၊ ကျေးရွာ အုပ်စု(၃၉)စု၊ ကျေးရွာပေါင်း(၂၀၆)ရွာဖြင့် ဖွဲ့စည်းကာ လူဦးရေပေါင်း(၂၅၉,၃၁၄)ဦးကို ကျန်းမာရေးစနစ် လွှမ်းခြုံပေးနေရသည့်အတွက် မှော်ဘီမြို့၊ ပြည်သူ့ဆေးရုံတွင် (၂)ထပ်ကုသဆောင်သစ် ဖွင့်လှစ်ခြင်းဖြင့် လူနာလက်ခံကုသပေးနိုင်မှု ပိုမိုများပြားလာမှာဖြစ်ပြီး ပြည်သူလူထု အားကိုးအားထားပြုနိုင်သည့် အဆင့်မြင့်ဆေးရုံ ဖြစ်လာ စေရေး ရည်ရွယ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သည့် ပြည်သူ့ဆေးရုံ၊ မှော်ဘီမြို့၏ (၂)ထပ် ကုသဆောင်သစ်သည် (၁၆,၈၀၀)စတုရန်းပေ အကျယ်အဝန်းရှိကာ နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅၉.၂၀၀)သန်း ကုန်ကျခဲ့ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ အထူးအဖွဲ့(၂)အား လုပ်ငန်းအပ်နှံ၍ (၁၈.၈.၂၀၂၃)ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ကာ (၃၀.၃.၂၀၂၄)ရက်နေ့တွင် လုပ်ငန်းများ ပြီးစီးခဲ့ပါကြောင်း၊ အဆိုပါအဆောက်အဦ မြေညီထပ်တွင် အရေးပေါ်လူနာစမ်းသပ်ခန်း၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ကြပ်ကြည့်ရှုခန်း၊ သားဖွားခန်း(၂)ခန်း၊ မွေးပြီးလူနာ စောင့်ကြပ် ကြည့်ရှုခန်း၊ မွေးကင်းစကလေးလူနာစောင့်ကြပ်ကြည့်ရှုခန်း၊ စတိုခန်း၊ ဆေးပေးခန်းတို့ ပါဝင်ပြီး ပထမထပ်တွင် အမျိုးသမီးလူနာဆောင်များ၊ ကြပ်မတ်ကုသခန်း၊ ကလေးလူနာကုသခန်းတို့ ပါဝင်ပါကြောင်း၊ နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် ပြည်သူ့ဆေးရုံကြီး များ၊ ခရိုင်အဆင့်ပြည်သူ့ဆေးရုံကြီးများ အဆင့်မြှင့်တင်ခြင်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံများတွင် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ခြင်း၊ ဆေးဝါးများ၊ ဆေးရုံသုံး ခေတ်မီစက်ပစ္စည်းကိရိယာများ ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်းနှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ပြည်သူများအားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ် ပေးခြင်း၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုဆေးကုသရေး အစီအစဉ် (Super Speciality Tour)များကိုလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် သက်ဆိုင်ရာ ဒေသများမှ အထူးကုဆေးကုသရေးအဖွဲ့များဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၊ တိုက်နယ်ဆေးရုံများသို့ ကွင်းဆင်းဆေးကုသမှုအစီအစဉ်များ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ထေရ်ကြီး၊ဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများကို ကျန်းမာရေး ပုံမှန်စစ်ဆေးကုသ ပေးခြင်း၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးပုံမှန်စစ်ဆေးကုသပေးခြင်း၊ ဆေးဝါးများ ထောက်ပံ့ပေးခြင်းနှင့် လက်ရှိတာဝန် ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအတွက် ဆေးကုသ စရိတ်များ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ (၂)ထပ်ဆေးကုသဆောင် သစ်တွင် လူနာများအသုံးပြုရန်အတွက် လေအေးပေးစက် အလုံး(၂၀)ကို လှူဒါန်းခဲ့ရာ ဒေါက်တာစောမြထွန်း၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မှော်ဘီမြို့က လက်ခံရယူခဲ့ပြီးနောက် ကျေးဇူးတင်စကားပြောကြားကာ ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

     ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့ သည် တာဝန်ရှိသူများလိုက်ပါလျက် (၂)ထပ်ကုသဆောင်သစ် မြေညီထပ်တွင်ရှိသည့် သားဖွားခန်း (၂)ခန်း၊ မွေးပြီးလူနာခန်း၊ မွေးကင်းစကလေးလူနာခန်းသို့လည်းကောင်း၊ ပထမထပ်ရှိ အရေးပေါ် လူနာကြပ်မတ်ခန်း၊ အမျိုးသမီးလူနာဆောင်များသို့လည်းကောင်း လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်ပြီး ခွဲစိတ်ခန်း၊ ဓာတ်မှန်ခန်း၊ ဆေးစတိုခန်းများသို့ ဝင်ရောက်ကြည့်ရှုရာတွင် လူနာများ စိုက်ထုတ်ကုန်ကျရသည့် ဆေးကုသစရိတ် လျော့နည်းစေရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးထားသော ဆေးဝါးများဖြင့် လူနာများအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရေး အလေးထားဆောင်ရွက်ကြရန်၊ ဓာတ်ခွဲခန်းတွင် ဓာတ်ခွဲခန်း အဆင့်အမျိုးအစားအလိုက် ပိုမိုစစ်ဆေးပေးနိုင်ရန်လိုအပ်သော ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများနှင့် ဆေးရည်များ ဖြည့်ဆည်းပေးရန်၊ ဆေးဘက်ကျွမ်းကျင် ဓာတ်ခွဲ ဝန်ထမ်းများအား စက်ပစ္စည်းကိုင်တွယ်အသုံးပြုနိုင်ရေး သင်တန်းဆောင်ရွက်ပေးရန်တို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် လူနာဆောင်များသို့ သွားရောက်၍ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာများအား ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြပါသည်။

     အဆိုပါ (၂)ထပ်ကုသဆောင်သစ် ဖွင့်လှစ်နိုင်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ၏ မီးဖွားခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား ပိုမိုအားဖြည့်ဆောင်ရွက်ပေးနိုင်ခြင်း၊ မွေးကင်းစ ကလေးငယ်များ ပြုစုကုသမှုကို အရည်အသွေးပြည့်မီစွာ ဆောင်ရွက်ပေးနိုင်ခြင်းနှင့် လူနာများ သက်တောင့်သက်သာဖြင့် စိတ်ချမ်းမြေ့စွာ ဆေးကုသမှုခံယူနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ များပြားသော ရင်းနှီးစိုက်ထုတ်မှုဖြင့် တည်ဆောက်ထားသည့်အတွက် ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိန်း စောင့်ရှောက် ကြရန်နှင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ပေးကြရန် ‌တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

 
 

More Tags