ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ ဒုတိယဝန်ကြီးချုပ်နှင့်ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက် ကြည့်ရှုအားပေး (23-2-2024)

နေပြည်တော် ဖေဖော်ဝါရီ ၂၃

      ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို (၂၃-၂-၂၀၂၄) ရက်နေ့တွင် နေပြည်တော်ခုတင်-၁၀၀၀ အထွေထွေရောဂါကုဆေးရုံကြီး၌ ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တက်ရောက်ကြည့်ရှု အားပေးသည်။

     စုပေါင်းသွေးလှူဒါန်းပွဲတွင် နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင် စုစုပေါင်း ၆၀ ဦးက စုပေါင်းသွေးလှူဒါန်းကြရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနကြီးမှူးများ၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး အားဖြည့်စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများကို ပေးအပ်ကြသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သွေးလှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာကို ပေးအပ်ရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက လက်ခံရယူပြီး အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်သည်။

     မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ တနင်္သာရီ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ သက်ဆိုင်ရာဆေးရုံများနှင့် သွေးဌာနများတွင်ကျင်းပခဲ့ပြီး စုစုပေါင်း သွေးလှူရှင် ၄၀၆ ဦး ပါဝင်လှူဒါန်းခဲ့ကာ စုပေါင်းသွေးလှူဒါန်းမှုများကို ၂၀၁၆ ခုနှစ်မှ စတင်စီစဉ်ဆောင်ရွက်ခဲ့ရာ ယခုအခါ (၁၃) ကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

More Tags