ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု (19-2-2024)

နေပြည်တော်၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်

     ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၌ တည်ဆောက်လျက်ရှိသော အမျိုးသားကင်ဆာ ရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သင့်ရာမွှေး က တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပါသည်။

 

     တင်ပြချက်များနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ယခုစီမံကိန်းပြီးစီးပါက ကင်ဆာ ရောဂါဓာတ် ရောင်ခြည်ကုသမှုအပါအဝင် ကင်ဆာရောဂါကုသရေးလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် အချိန်မီပြီးစီးရေးဆောင်ရွက်ရန်၊ ဓာတ်ရောင်ခြည် လုံခြုံမှု အပါအဝင် အဆောက်အဦ အရည်အသွေးကောင်းမွန်စေရေးနှင့် ခွင့်ပြုရန်ပုံငွေကို အကျိုးရှိစွာ အသုံးပြုရေးတို့ကို အလေးထားဆောင်ရွက်ပေးရန်၊ လုပ်ငန်းစတင်ချိန်တွင် လျှပ်စစ်မီးရရှိရေး၊ စီမံကိန်းနေရာရှိ လမ်းတံတားများသွားလာနိုင်ရေး၊ ဝန်ထမ်းများ အဆင်ပြေစွာ သွားလာနေထိုင်နိုင်ရေး၊ ဓာတ်ရောင်ခြည်ကုသစက်နှင့်ဆေးရုံသုံးပစ္စည်းများ တပ်ဆင်ပြီးစီးရေးတို့ကိုလည်း တစ်ပြိုင်တည်းပြီးစီးအောင် စီစဉ်ဆောင်ရွက်ရန် ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ပါသည်။

 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားကင်ဆာကုသရေးဌာန၌ ဓာတ်ရောင်ခြည်ကုသစက် (၄)လုံးထားရှိရန် Bunker များတည်ဆောက်ပြီးစီးမှု၊ ကျန်သော တည်ဆောက်ဆဲ အဆောက်အဦ တို့ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ တည်ဆောက် ပြီးစီးသွားသော (၅)ထပ်လူနာဆောင်တွင် ခွဲစိတ်ခန်းများ၊ လူနာဆောင်များနှင့် ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းများကို လှည့်လည်ကြည့်ရှုကာ အဆောက်အဦအတွင်း အခန်းများဖွဲ့စည်းမှု၊ အဆောက်အဦ ဒီဇိုင်းပုံစံနှင့် တည်ဆောက်ပြီး လုပ်ငန်းစတင်ဆောင်ရွက်ပါက ဆေးကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်တို့နှင့်ပတ်သက်၍ လိုအပ်ချက်များ မှာကြားခဲ့ပါသည်။ ထို့နောက် တည်ဆောက်ပြီးစီးသွားသော အသုံးပြုပြီး ဓာတ်ရောင်ခြည်သုံးပစ္စည်းများ သိုလှောင် ထားရှိမည့် မြေအောက် Bunker များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

     အမျိုးသားကင်ဆာရောဂါကုသရေးဌာနကို (၂၀၁၉-၂၀၂၀)ဘဏ္ဍာရေးနှစ်မှစတင်ကာ နိုင်ငံ တော်မှ ခွင့်ပြုရန်ပုံငွေကျပ်(၉,၂၀၈)သန်း အသုံးပြုပြီး ကင်ဆာဓာတ်ရောင်ခြည်ကုသစက် (၄)လုံး တပ်ဆင်၍ ကုသမှုပေးနိုင်ရန်ရည်ရွယ်ကာ တည်ဆောက်နေခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်အတွင်း စတင် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါဌာန တည်ဆောက်ပြီးစီးပါက ကင်ဆာ ရောဂါလူနာများသည် ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ အထူးကြပ်မတ်ကုသခြင်း၊ ဓာတ်ခွဲစမ်းသပ်မှု၊ ဓာတ်မှန်ဖြင့်ရောဂါရှာဖွေခြင်းတို့ကို တစ်နေရာတည်းတွင် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

More Tags