စစ်တွေမြို့၊ ယာယီကယ်ဆယ်ရေးစခန်းရှိ ဟိန္ဒူဘာသာဝင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေး
စစ်တွေ၊ အောက်တိုဘာ ၂၅
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာပြီး စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း ယာယီကယ်ဆယ်ရေးစခန်း၌ ခေတ္တခိုလှုံနေထိုင်ကြသည့် ဟိန္ဒူဘာသာဝင်များအား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးသည်။
ဓညဝတီအားကစားကွင်း ယာယီကယ်ဆယ်ရေးစခန်းတွင် ရာသီတုပ်ကွေးရောဂါ၊ ချောင်းဆိုး၊ နှာစေး၊ အရေပြားရောဂါ၊ ထိခိုက်ဒဏ်ရာရလူနာများနှင့် ဝမ်းလျှောဝမ်းပျက်ရောဂါများ ကို အများဆုံး ကုသပေးခဲ့ရကြောင်း၊ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုများ မရှိကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထိန်လင်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။
ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ရာတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာထိန်လင်းအောင်နှင့် သူနာပြုဆရာ၊ ဆရာမ (၃) ဦတို့က ခေတ္တနေရပ်စွန့်ခွာ ခိုလှုံနေထိုင် ကြသည့် ဟိန္ဒူဘာသာဝင် (၅၅) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
၀င်းမင်းစိုး (ပြန်/ဆက်)
ရသေ့တောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်ပေး
ရသေ့တောင်၊ အောက်တိုဘာ ၂၅
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ နယ်လှည့်ရွေ့လျားဆေးကုသအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ်၊ ကူတောင်တိုက်နယ်၊ အနောက်ပြင်ကျေးရွာနှင့် ရွှေလောင်းတင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ဆေးဝါးကုသပေးခြင်း၊ ကျန်းမာရေးအသိပညာများပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန လက်ထောက်ကျန်းမာရေးမှူး ဦးအေးသောင်းထွန်း ဦးဆောင်ပြီး သူနာပြုဆရာ၊ ဆရာမများအဖွဲ့သည် အနောက်ပြင်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ဦးနှင့် ရွှေလောင်းတင်ကျေးရွာမှ ကျေးရွာသူ၊ ကျေးရွာသား (၆၈) ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
အနောက်ပြင်ကျေးရွာနှင့် ရွှေလောင်းတင်ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါ၊ ချောင်းဆိုး၊ နှာစေး၊ အရေပြားရောဂါနှင့် ဝမ်းလျှောဝမ်းပျက်ရောဂါများကို အများဆုံးကုသပေးခဲ့ရကြောင်း၊ ကူးစက်ရောဂါ ကပ်အသွင်ဖြစ်ပွားမှုများ မရှိကြောင်း လက်ထောက်ကျန်းမာရေးမှူး၏ ပြောကြားချက်အရ သိရသည်။
(မြို့နယ် ပြန်/ဆက်)