(၂၀၂၂) ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် Monkeypox ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပ

နေပြည်တော်၊ ၂၀၂၂-ခုနှစ်၊မေလ(၂၃)ရက်

      (၂၀၂၂)ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ထူးကဲစွာအများအပြား (Outbreak) ဖြစ်ပွားမလာစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် semi-virtual ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပါမောက္ခဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်း၊ ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထူးကုဆရာဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ နှီးနွယ်ဌာနဆိုင်ရာများဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆေးသုတေသန ဦးစီးဌာနနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများက virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။


 

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုသည် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူဦးရေ သန်း (၃၉၀)ခန့် ကူးစက်ဖြစ်ပွားလျက်ရှိရာ အရှေ့တောင်အာရှဒေသ၌ အင်ဒိုနီးရှား၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဖြစ်ပွားသူဦးရေ အများဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်တွင် ရရှိခဲ့သည့် စာရင်းဇယားများအရ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ စုစုပေါင်း (၅,၄၄၆) ဦး ရှိပြီး (၃၆) ဦး သေဆုံးခဲ့ပါကြောင်း၊ (၁-၁-၂၀၂၂)ရက်နေ့မှ (၂၀-၅-၂၀၂၂) ရက်နေ့အထိ ရရှိထားသော အချက်အလက်များအရ ရောဂါဖြစ်ပွားသူ (၁,၅၁၆) ဦးနှင့် သေဆုံးသူ (၂)ဦး ရှိ၍ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ဖြစ်ပွားမှုများပြားနေလျက်ရှိပါကြောင်း၊ နှစ်စဉ်ရောဂါဖြစ်ပွားမှု သုံးသပ်ချက်များအရ ယခုနှစ်သည် ရောဂါဖြစ်ပွားမှုထူးကဲစွာများပြားသည့် Outbreak အသွင် ဖြစ်ပွားနိုင်ခြေများပြားပါကြောင်း၊

ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရမည်ဖြစ်ရာ ခြင်မှတဆင့်ကူးစက်သောရောဂါဖြစ်သည့်အတွက် ခြင်ပေါက်ပွားမှု မရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ခြင်ကျား ပိုးလောက်လမ်းနှင့် သက်ကြီးကောင်ခြင် နှိမ်နင်းခြင်း၊ ကျန်းမာရေးပညာပေးခြင်း၊ ခြင်ကိုက်မခံရအောင် နေထိုင်ခြင်းနှင့် ကျောင်းများတွင် ခြင်ကျားနှင့် ခြင်ကျားပိုးလောက်လမ်းကင်းစင်ကျောင်းများ ထူထောင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်ခြင်းထက် နှီးနွယ်ဝန်ကြီးဌာနများ၊ အထူးသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် လုပ်ငန်းများကို ဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ ထို့အတူ မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးကော်မတီများတို့၏ ပံ့ပိုးကူညီပေးမှုများ လိုအပ်ပါကြောင်း၊

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုသည် အထူးအရေးကြီးသည့် အခန်းကဏ္ဍတွင်ပါဝင်သည့်အတွက်ကြောင့် ပြည်သူလူထုကိုယ်တိုင် ခြင်ကျား ပိုးလောက်လမ်း ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ၏ အရေးပါပုံကို သိမြင်လိုက်နာကျင့်သုံးရန်အတွက် ကျန်းမာရေးအသိပညာပေးရန်လိုအပ်ပါကြောင်း၊ ပညာပေးရာတွင် အဓိက ဦးတည်အုပ်စုများအနေဖြင့် မိခင်များ၊ အိမ်ရှင်မများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ ဖြစ်သည့်အတွက် လူမှုရေး အဖွဲ့အစည်းများဖြစ်ကြသည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့် ရှောက်ရေးအသင်းနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ အစရှိသော အသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးမှသာ အောင်မြင်မှုများ ပိုမိုရရှိနိုင်မှာဖြစ်ကြောင်း၊ သတင်းမီဒီယာများမှလည်း သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ပညာပေးမှုများကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ပေးစေလိုပါကြောင်း၊ ကျောင်းဖွင့်ရာသီရောက်ရှိသည့်အခါတွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ် နှိမ်နင်းရေးလုပ်ငန်းများကိုပါ တစ်ပါတည်းဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊


 

သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းကုသမှုဆိုင်ရာ ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ စက်ပစ္စည်းများအတွက် နိုင်ငံတော်အသုံးစရိတ်များမှ လုံလောက်စွာ ဝယ်ယူဖြည့်တင်းထားရှိပေးလျက်ရှိပြီး သွေးလွန်တုပ်ကွေးရောဂါ ကုသမှုဆိုင်ရာသင်တန်းများကိုလည်း အဆင့်ဆင့်သင်ကြားပေးခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ ကဏ္ဍအသီးသီးအလိုက် ပံ့ပိုးဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒေါက်တာနေရည်ရည်လင်း၊ ဒုတိယညွှန်ကြားရေးမှူးမှ မြန်မာနိုင်ငံတွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ကာကွယ်နှိမ်နင်းရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြပါသည်။


 

ဆက်လက်၍ နေ့လည်(၂:၀၀)နာရီတွင် Monkeypox ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် လတ်တလော၌ အာဖရိက၊ အမေရိက၊ ဥရောပရှိ နိုင်ငံအချို့တွင် Monkeypox ကူးစက်ရောဂါ ဖြစ်ပွားမှုများတွေ့ရှိလာရကြောင်း ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတိပေးချက်ထုတ်ပြန်ထားပါကြောင်း၊

မြန်မာနိုင်ငံတွင်လည်း ကလေးငယ်များတွင် ရေကျောက်ရောဂါ (chickenpox) ဖြစ်ပွား တွေ့ရှိမှုများရှိလာသဖြင့် ပြည်သူများအကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး၊ ယခုအခါ ဖြစ်ပွားမှု မရှိတော့သော ကျောက်ကြီးရောဂါ (smallpox)၊ အလွန်ပြင်းထန်ခြင်းမရှိသော ရေကျောက်ရောဂါနှင့် လတ်တလော နိုင်ငံအချို့တွင် ကူးစက်မှုအသစ်များအဖြစ် တွေ့ရှိရသော monkeypox ရောဂါတို့၏ ရောဂါဖြစ်ပွားရာတွင် တွေ့ရှိရသောရောဂါလက္ခဏာများတွင် ကွာခြားမှု၊ဖြစ်နိုင်ခြေတို့ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိကြစေရေး ကျန်းမာရေးအသိပညာများမြှင့်တင်ပေးရမည် ဖြစ်ပါကြောင်း၊


 

Monkeypox ရောဂါ၏ သဘောသဘာဝအရ မြန်မာနိုင်ငံတွင် ဖြစ်ပွားနိုင်ခြေ နည်းပါးသော်လည်း အဆိုပါ ကျောက်ရောဂါများနှင့်ပတ်သက်၍လည်းကောင်း၊ ရှိရင်းစွဲကူးစက်ရောဂါများနှင့် ပတ်သက်၍ လည်းကောင်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်‌ ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊

ထို့အပြင် ရောဂါသံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် လာရောက်ပြသနိုင်ရေး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးနိုင်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည် ဖြစ်ပါကြောင်း၊

Monkeypox ကူးစက်ရောဂါသည် တိရစ္ဆာန်များတွင် ဖြစ်ပွားမှုမှ လူသို့ ကူးစက်တတ်သည် ဖြစ်၍ One Health Approach အရ မွေးမြူရေးနှင့်ကုသရေးကဏ္ဍ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍတို့ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက monkeypox ကူးစက်ရောဂါနှင့်ပတ်သက်၍ နိုင်ငံတကာတွင် ကူးစက်ဖြစ်ပွားမှုများကို ဆက်လက် စောင့်ကြည့်ပြီး နိုင်ငံတွင်း လက်ရှိရောဂါစောင့်ကြပ်ကြည့်ရှုမှုစနစ်ကိုလည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က ကမ္ဘာ့နိုင်ငံအချို့တွင် monkeypox ရောဂါ ဖြစ်ပွားမှု အခြေအနေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ထုတ်ပြန်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်လာကြသော ညွှန်ကြားရေးမှူးချုပ်များ၊ Virtual စနစ်ဖြင့် တက်ရောက်လာကြသော ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်သန်းထွန်းနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူးချုပ်တို့မှ monkeypox ကူးစက်ရောဂါနှင့်ပတ်သက်၍ သုတေသနနှင့်ဓာတ်ခွဲမှုဆိုင်ရာ ပြင်ဆင်ဆောင် ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ပါသည်။


 

ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မိမိတို့အနေဖြင့် monkeypox ရောဂါ ကူးစက်ဝင်ရောက်မှု မရှိစေရေး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရာ၌ နိုင်ငံတကာနှင့် အဓိကအားဖြင့် မြန်မာနိုင်ငံနှင့် ကူးသန်းသွားလာမှုများသော အိမ်နီးချင်းနိုင်ငံများသို့ ရောဂါကူးစက်ဖြစ်ပွားလာသည်ကို မျက်ခြေမပြတ် စောင့်ကြည့်ရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ရေကျောက်ရောဂါ ကူးစက်ဖြစ်ပွားမှု များအတွက် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ထိန်းချုပ်ခြင်းနှင့် ကျန်းမာရေးအသိပညာမြှင့်တင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး monkeypox ရောဂါအတွက်လည်း အဘက်ဘက်မှ ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် ပြည်သူများကြား စိုးရိမ်ထိတ်လန့်မှု မဖြစ်စေရေး ကျန်းမာရေးအသိပညာပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး အစည်းအဝေးကို ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags