ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်‌ရောက် (14-1-2022)

(၁၄-၁-၂၀၂၂) ရက်နေ့

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၁၄-၁-၂၀၂၂ ရက်နေ့၊ (၁၀:၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၂)၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်ပမှ လေကြောင်း၊ ရေကြောင်းဖြင့် ပြန်လည်ဝင်‌ရောက်လာသူများကို အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည် အခြားနိုင်ငံများမှ မြန်မာနိုင်ငံသို့ ဝင်‌ရောက်ကူးစက်ခြင်းဖြစ်သဖြင့် ပြည်ပမှ ဝင်ရောက်လာသူများမှတစ်ဆင့် နိုင်ငံအတွင်းသို့ ရောဂါပိုးမရောက်ရှိစေရေး၊ တစ်နည်းအားဖြင့် အခြားနိုင်ငံများမှ ‌ရောဂါပိုးဝင်‌ရောက်မှုအား အချိန်အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်ရေးအတွက် ပြည်ပမှဝင်ရောက်လာသူများအား သတ်မှတ်ထားသော ဟိုတယ်များ၊ ကွာရန်တင်းစင်တာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုပြီး သတ်မှတ်ထားသော အကြိမ်ရေနှင့်အညီ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ၎င်းတို့နေအိမ်များသို့ ပြန်ခွင့်ပြုလျက်ရှိပါကြောင်း၊ ထို့အတူ နယ်စပ်ဒေသများမှ ကုန်းလမ်းဖြင့် ပြန်လည်ဝင်ရောက်လာသူများအားလည်း နယ်စပ်ဝင်/ထွက်ပေါက်နေရာများတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး သတ်မှတ်ချက်အတိုင်း ဓာတ်ခွဲစစ်ဆေးပြီးမှ သက်ဆိုင်ရာဒေသများသို့ သွားရောက်ခွင့်ပြုခဲ့ပါကြောင်း၊ ယခုအခါတွင် ကိုဗစ်-၁၉ ရောဂါ၏ အခြားမျိုးကွဲဗီဇအသစ်များပါ တွေ့ရှိရပြီး ရောဂါပျံ့ပွားမှုမြန်သော အိုမီခရွန်မျိုးစိတ်ကိုလည်း ပြည်ပမှ ပြန်လည်ဝင်‌ရောက်လာသူများတွင် တွေ့ရှိရလျက်ရှိသော်လည်း ဗဟိုဝန်ထမ်းတက္ကသိုလ်(ဖောင်ကြီး)တွင် အစုလိုက် တွေ့ရှိရသူများ၏ ဓာတ်ခွဲစစ်ဆေးရသည့်အဖြေများတွင် အိုမီခရွန်မျိုးကွဲ တွေ့ရှိခြင်းမရှိသည့်အတွက် ပြည်တွင်းကူးစက်မှု မရှိသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ပမှဝင်ရောက်လာသူများအား အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော ဟိုတယ်များအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းများကို တိကျစွာလိုက်နာရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။


 

    ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က အသွားအလာစောင့်ကြပ်ကြည်ရှုလျက်ရှိသည့် ဟိုတယ်များအနေဖြင့် မိမိတို့ ဟိုတယ်များတွင် တည်းခိုလျက်ရှိသော ပြည်ပမှဝင်ရောက်လာသူများနှင့် ဟိုတယ်ဝန်ထမ်းများအား ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိအောင် ကြပ်မတ်ရန်၊ ပုံမှန် စစ်ဆေးခြင်း၊ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်၍ ပညာပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါက အ‌ရေးယူခြင်းများ ဆောင်ရွက်ရန်၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ အုပ်ချုပ်မှုလုပ်ငန်းများ အခက်အခဲရှိပါက သက်ဆိုင်ရာ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အ‌ရေးပေါ်တုံ့ပြန်‌ရေး ကော်မတီများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် ပြောကြားခဲ့ပြီး တက်‌ရောက်လာသော ဟိုတယ်လုပ်ငန်းရှင်များ၏ ဆွေးနွေးတင်ပြချက်များကို သက်ဆိုင်ရာ တာဝန်ရှိသူအသီးသီးက ပြန်လည်ဆွေးနွေးခဲ့ပါသည်။


 

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၁၁း၀၀)နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၃)၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်‌ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် ဆက်လက်တွေ့ဆုံ၍ မြန်မာနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော ကွာရန်တင်းလုပ်ငန်းစဉ်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် အိုမီခရွန်ရောဂါပိုး စောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းစဉ်များ၊ အသွားအလာစောင့်ကြပ်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောနေရာများ၊ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာများအား ကုသရေးလုပ်ငန်းများ၊ အိုမီခရွန်ရောဂါပိုး စစ်ဆေးတွေ့ရှိမှုနှင့် ကုသမှုပေးနေသည့်အခြေအနေများ၊ လူနာများပြားလာပါက ပြောင်းလဲဆောင်ရွက်မည့် အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့်တင် ဆက်လက်ထိုးနှံရမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ပါသည်။


 

     ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး ဒေါက်တာသီတာလှ၊ ပါမောက္ခချုပ် ဒေါက်တာဌေးဌေးတင်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှူး ဒေါက်တာထွန်းမင်းတို့က ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါဖြစ်ပွားမှု အခြေအနေ၊ ဆေးရုံများ၊ ကုသရေးစင်တာများတွင် လူနာများတက်ရောက်ကုသမှုအခြေအနေ၊ စတုတ္ထလှိုင်းအတွက် ကြိုတင် ပြင်ဆင်ထားနိုင်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံမှုနှင့် တွေ့ကြုံခဲ့ရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်မှုများကို အသေးစိတ်ညှိနှိုင်းခဲ့ပါသည်။

     နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီးက ယခင် ကိုဗစ်-၁၉ ရောဂါလှိုင်းများ ဖြစ်ပွားစဉ် ကြုံတွေ့ခဲ့ရသော အခက်အခဲများအပေါ် သင်ခန်းစာယူပြီး ကြိုတင်ပြင်ဆင်မှုများကို အထူးအလေးထား ဆောင်ရွက်သွားရန်နှင့် ပြည်သူလူထုကို အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး သက်ဆိုင်ရာဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်သွားရန် အကြံပြု မှာကြားခဲ့ပါသည်။

More Tags