ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Spuntnik Light COVID-19 ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ (13-1-2022)

ရန်ကုန်၊ ဇန်နဝါရီ ၁၃
     ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး (၄)သိန်း Doses အားလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရုရှားသမ္မတနိုင်ငံသံအမတ်ကြီး  H.E Dr. Nikolay Listopadov တို့ တက်ရောက်ပါသည်။


 

    အခမ်းအနားတွင် ရုရှားနိုင်ငံသံအမတ်ကြီးမှ ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေရန်အတွက် ကာကွယ်ဆေးများလှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကားပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူလူထုအနေဖြင့် လူမှုစီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉တတိယလှိုင်းအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှု၊ ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့်အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ နောက်ထပ်ပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယနေ့ရုရှားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးတွင်များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် အခမ်းအနားသည် သမိုင်းဝင်အခမ်းအနားဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်မျိုးဆက်သစ်များအနေဖြင့် သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် ရုရှားသမ္မတနိုင်ငံမှ လှူဒါန်းသည့် Sputnik Light ကာကွယ်ဆေးများ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား ပြည်ထောင်စုဝန်ကြီးမှ ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီးထံ ပေးအပ်၍ အခမ်းအနားအားရုတ်သိမ်းပြီးနောက် ဆက်လက်၍ နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ချစ်ကြည်ရင်းနှီးစွာဆွေးနွေးခဲ့ပါသည်။ ရုရှားနိုင်ငံမှထုတ်လုပ်သည့် Spuntnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးရန်လိုအပ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာလွှမ်းခြုံနိုင်ရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ပါသည်။ ရုရှားနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး (၄)သိန်း Doses နှင့် ဝယ်ယူထားသည့်ကာကွယ်ဆေး (၆)သိန်း Doses စုစုပေါင်း ကာကွယ်ဆေး (၁)သန်း  Doses သည် ယနေ့နှင့်(၁၆-၁-၂၀၂၂)တွင် အသီးသီး ရောက်ရှိမည်ဖြစ်ပါသည်။

     ကာကွယ်ဆေးများလွှဲပြောင်းလက်ခံသည့်အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။

More Tags