ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်တို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သူနာပြုသင်တန်း ကျောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေး

“ကျောင်းအမှန်တကယ်တက် ရောက်မည့် ကျောင်းသူ/ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန် နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ကျောင်းများမှတဆင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခုအချိန်တွင် ကျောင်း တက်ရောက်မည့်  ကျောင်းသား/ကျောင်းသူ များကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ”

နေပြည်တော်၊ အောက်တိုဘာလ (၁၆)ရက်နေ့

    ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်နိုင်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်တို့သည် တာဝန်ရှိသူများလိုက်ပါလျက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်(ခုတင်-၁၀၀၀) ဆေးရုံဝင်းအတွင်းရှိ သူနာပြု သင်တန်းကျောင်းသို့ ယနေ့နံနက်ပိုင်းတွင် သွားရောက်၍ သူနာပြုသင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား/သင်တန်းသူများအား သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
- ယခုကဲ့သို့ သူနာပြုသင်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် သင်တန်းသား/ သင်တန်းသူများကို လှိုက်လှဲစွာကြိုဆိုပါကြောင်း၊
- သင်တန်းသား/သင်တန်းသူများ၏ စားသောက်ရေးကိစ္စရပ်များကို အတတ်နိုင်ဆုံး ဖြည့် ဆည်းပေးမည်ဖြစ်ပါကြောင်း၊
-မိမိတို့ကျန်းမာရေးဝန်ထမ်းများအနေဖြင့် အရေးပေါ် အသက်ကယ်ကျန်းမာရေးစောင့်ရှောက်မှုများကို ပြည်သူတို့အတွက် အခက်အခဲများရှိသည့်အကြားမှပင် ကြိုးပမ်းဆောင်ရွက်နေကြ သဖြင့် များစွာ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊
- သူနာပြုသင်တန်းသား/ သင်တန်းသူများအနေဖြင့် သင်တန်းကာလပြီးဆုံးသည့်အခါတွင် နိုင်ငံ့ဝန်ထမ်းအဖြစ် ချက်ချင်းခန့်အပ်နိုင်ရေးအတွက် ကြိုတင်စီစဉ်ထားရှိပါကြောင်း၊
- အလုပ်ဝင်ရောက်ပြီးပါကလည်း ဝတ်စုံစရိတ်၊ စားစရိတ်၊ ညဂျူတီတာဝန်ကျစရိတ်၊ နိုင်ငံတော်မှ ထောက်ပံ့ပေးငွေစသည်ဖြင့် ဝန်ထမ်းသက်သာချောင်ချိရေးလုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊
- သူနာပြုများ၏ ဘဝတက်လမ်းနှင့် ရာထူးတိုးမြှင့်ရေးအခွင့်အလမ်းများ တိုးတက်ရရှိစေရေးအတွက် စီစဉ်ဆောင်ရွက်ထားသည်များရှိပါကြောင်း၊
- ယခုသင်တန်းကာလအတွင်းတွင် ကြိုးစား၍ လေ့လာသင်ကြားကြစေလိုပါကြောင်း၊
- မိမိတို့သင်တန်းကျောင်းမှ ရရှိထားသည့် ကောင်းမွန်သည့်အတွေ့အကြုံများကိုလည်း အကြောင်းအမျိုးမျိုးကြောင့် သင်တန်းမှကင်းကွာနေသည့် မိတ်ဆွေသူငယ်ချင်းများထံ တစ်ဆင့်မျှဝေ ပြောကြားပေးကြရန် ဖြစ်ပါကြောင်း၊ သင်တန်းပြီးဆုံးပါက နိုင်ငံတော်တာဝန်ကို သင်တန်းစတင်တက်ရောက်စဉ်က ရေးထိုးထားသည့် ဝန်ခံကတိစာချုပ်အတိုင်း ထမ်းဆောင်ကြရမည် ဖြစ်ပါကြောင်း၊
- လိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်မှ ပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများနှင့် သူနာပြုများသည် ပြည်သူတို့အတွက် မရှိမဖြစ် ဝန်ထမ်းများ ဖြစ်ပါကြောင်း၊ နေပြည်တော်ကောင်စီအနေဖြင့် သင်တန်းသား/ သင်တန်းသူများ စားသောက်ရေး အဆင်ပြေစေရေးအတွက် သင်တန်းပြီးဆုံးသည်အထိ ဆန်နှင့်ဆီများ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက ပြောကြားရာတွင် ကျန်းမာရေးဝန်ထမ်းများ၏ လုပ်ငန်းသဘောသဘာဝအရ မိမိတို့တတ်ကျွမ်းသည့် ပညာရပ်များအလိုက် ပေါင်းစပ်၍ ဆောင်ရွက်ရပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သူနာပြုများ၏ အခန်းကဏ္ဍသည် မရှိမဖြစ် အရေးပါသည်ဖြစ်၍ သင်ကြားပေးသည့် ပညာရပ်များကို ကြိုးပမ်း၍ သင်ကြားကြစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

    ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် တာဝန်ရှိသူများလိုက်ပါလျက် သူနာပြုသင်တန်းကျောင်းရှိ ကွန်ပျူတာခန်း၊ စာကြည့်တိုက်၊ တိုးချဲ့ ထမင်းစားဆောင်၊ ပုံသဏ္ဍာန်တူ သင်ကြားလေ့ကျင့်ရာဌာန (Skill lab) တို့အား ကြည့်ရှု၍ လိုအပ်သည်များကို လမ်းညွှန်မှာကြား ဖြည့်ဆည်းပေးခဲ့ပါသည်။ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနအောက်ရှိ သူနာပြု/သားဖွား ၃၁ ကျောင်းကို (၇.၁၀.၂၀၂၁)ရက်နေ့မှစတင်၍ ပြန်လည်ဖွင့်လှစ်လျက်ရှိရာ ယနေ့အထိ သူနာပြု တတိယနှစ်နှင့် သားဖွားဒုတိယနှစ် ကျောင်းသား/သူ စုစုပေါင်း (၇၈၁) ဦးတက်ရောက်လျက်ရှိပြီး နေပြည်တော်သူနာပြု/သားဖွားသင်တန်းကျောင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့မှ  သင်တန်းသားသင်တန်းသူ ၅၆ ဦး တက်ရောက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 


 

    ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့သည် တာဝန်ရှိသူများလိုက်ပါလျက် ဇမ္ဗူသိရီမြို့နယ်၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် အသက် (၄၅)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှု၊ QR Code ပါဝင်သော ကာကွယ်ဆေးထိုးနှံပြီးစီးမှု မှတ်တမ်းကဒ်များ ထုတ်ပေးနေမှုနှင့် ကာကွယ်ဆေး ထိုးနှံပြီးစီးပါက ကာကွယ်ဆေးထိုးနှံခြင်း စီမံခန့်ခွဲမှုသတင်းအချက်အလက်စနစ် (Vaccine Management Information System-VMIS) တွင် စာရင်းသွင်းဖြည့်ဆည်းနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကာကွယ်ဆေးထိုးနှံမှု ခံယူလာသူ မိဘပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပေးနေမှုများကို ဆက်လက်ကြည့်ရှုအားပေးရာ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
- နိုင်ငံတကာတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများကို ဦးစားပေးထိုးနှံ၍ ကာကွယ်ဆေး လွှမ်းခြုံမှု မြင့်မားလာသည့်အခါမှသာ အသက်(၁၂)နှစ်မှ (၁၈)နှစ်အထိ အသက်အုပ်စုများကို တိုးချဲ့ထိုးနှံပေးခြင်းဖြစ်သော်လည်း မိမိတို့နိုင်ငံတွင် ကျောင်းအမှန်တကယ်တက်ရောက်မည့် ကျောင်းသူ/ကျောင်းသားများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရန်နှင့် ဘေးကင်းစိတ်ချစွာ ပညာသင်ကြားနိုင်ရေး၊ ကာကွယ်ဆေးထိုးနှံထားခြင်းဖြင့် ကျောင်းများမှတဆင့် အစုလိုက်အပြုံလိုက် ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယခုအချိန်တွင် ကျောင်းတက်ရောက်မည့်  ကျောင်းသား/ကျောင်းသူများကို ဦးစားပေးအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိပါကြောင်း၊
- အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတက်ရောက်နိုင်ခြင်းမရှိသည့် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းသို့ အမှန်တကယ် တက်ရောက်လာသည့်အခါ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ကာကွယ်ဆေးများဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ပါကြောင်း၊
- မိမိတို့နိုင်ငံတွင် အသက် (၁၈)နှစ်အထက် ကာကွယ်ဆေးလွှမ်းခြုံမှုများ မြင့်မားစွာ ရရှိလာသည့်အခါတွင် အဆိုပါ အသက်(၁၂)နှစ်မှ အသက်(၁၈)နှစ်အတွင်းရှိသူ မည်သူကိုမဆို ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ ဆက်လက်ထိုးနှံပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကာကွယ်ဆေးထိုးနှံခြင်း လာရောက်ခံယူနေသူ ကျောင်းသား/ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးနေသည့် အဖွဲ့များမှ တင်ပြချက်များကို လမ်းညွှန်ဖြည့်ဆည်းပေးခဲ့ပါသည်။

 
 

More Tags