တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၄)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ (2-10-2021)

နေပြည်တော်၊ ၂-၁၀-၂၀၂၁
     ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး doses (၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂-၁၀-၂၀၂၁)ရက်နေ့ ညနေ(၅:၀၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့် အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့ ၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပါသည်။


 

     ယခုရောက်ရှိလာသောကာကွယ်ဆေးများကို မူလ ဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များ အလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ၂.၁၀.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၅)သန်းကျော် အားလည်း လက်ခံရရှိပြီးဖြစ်ပါသည်။ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁-၁၀-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း (၈,၂၆၄,၁၅၇) ဦးအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၈၆၃,၃၄၄) ဦး နှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ (၄,၄၀၀,၈၁၃)ဦးရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၂,၁၂၇,၅၀၁) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။


 

    မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

 
 

More Tags