အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covidshield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၁)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ (9-10-2021)

နေပြည်တော်၊ ၉-၁၀-၂၀၂၁
     ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး /ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ထိုးနှံပေးရန်အတွက် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covidshield အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ရေ(၁)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၉-၁၀-၂၀၂၁) ရက်နေ့ ည(၉:၄၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်  ဒေါက်တာမြတ်ဝဏ္ဏစိုး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။
    အဆိုပါကာကွယ်ဆေးများကို ဗဟိုကာကွယ်ဆေးသိုလှောင်ခန်း (Central Cold Room)တွင် အအေးလမ်းကြောင်းမပျက် သိုလှောင်ထားရှိမည်ဖြစ်ပါသည်။ ထိုသို့ကာကွယ်ဆေးများ သိုလှောင်ထားရှိရာ၌ အအေးလမ်းကြောင်းစံချိန်စံညွန်းများနှင့်အညီ ထားရှိရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု၍ ကြီးကြပ်စစ်ဆေး လမ်းညွန်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
    သိုလှောင်ထားရှိသည့်ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည် ဖြစ်ပါသည်။


 

     ယခုရောက်ရှိလာသော ကာကွယ်ဆေးများကို မူလဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များအလိုက် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ၉.၁၀.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၈)သန်း doses ရောက်ရှိပြီး ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ လှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၆)သန်းကျော်အားလည်း လက်ခံရရှိပြီးဖြစ်ပါသည်။
   COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၈-၁၀-၂၀၂၁)ရက်နေ့အထိ လူဦးရေစုစုပေါင်း (9,574,393)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ(၄,၀၈၃,၃၃၇) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၅,၄၉၁,၀၅၆)ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၈-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၃,၆၅၇,၇၃၀) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။  


 

    မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

More Tags