တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac COVID-19 ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ (13-10-2021)

နေပြည်တော်၊ အောက်တိုဘာလ (၁၃)ရက်
     တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sinovac ကိုဗစ်-၁၉ ကာကွယ် ဆေး(၂)သန်းအနက် ပထမအသုတ်အဖြစ် ကာကွယ်ဆေး(၁)သန်းနှင့် ဆေးထိုးအပ် (၁,၀၀၁,၆၀၀) တို့သည် ဒေသစံတော်ချိန် (၆:၃၀)နာရီအချိန်တွင် Air China လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ‌ဆိပ်သို့ ရောက်ရှိလာရာ လှူဒါန်းပစ္စည်းများ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံ‌ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးတို့တက်ရောက်၍ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။


 

    ယနေ့ ရောက်ရှိလာသည့် Sinovac ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပါသည်။
      ၁၃-၁၀-၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း (၁၈)သန်း doses ရောက်ရှိပြီး ဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၇)သန်းကျော်အားလည်း လက်ခံရရှိပြီး ဖြစ်ပါသည်။


 

     COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၂-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၁၀,၅၉၁,၆၀၉)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ (၄,၂၀၁,၆၃၀) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၃၈၉,၉၇၉)ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၂-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၄,၇၉၃,၂၃၉) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။


 

    မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

More Tags