တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၁)သန်း doses ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိ (14-10-2021)

နေပြည်တော်၊ ၁၄-၁၀-၂၀၂၁
      ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံ၍ လှူဒါန်းသည့် Sinovac အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၂)သန်းအနက် ပထမအသုတ် (၁)သန်းသည် (၁၃-၁၀-၂၀၂၁) နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိပြီးဖြစ်ပါသည်။ ယနေ့ (၁၄-၁၀-၂၀၂၁)ရက်နေ့၊ ညနေ(၆:၀၀)နာရီတွင် ဒုတိယအသုတ်အဖြစ် Sinovac (၁)သန်း doses နှင့် ဆေးထိုးအပ် (၁,၀၀၁,၆၀၀)ခု  သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါ ကာကွယ်ဆေးများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ပါသည်။


 

     ၁၄-၁၀-၂၀၂၁ နေ့အထိ ကာကွယ်ဆေးများ ရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၄)သန်း၊ Sinovac (၂)သန်း စုစုပေါင်း (၁၈)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ရုရှားနိုင်ငံတို့မှလှူဒါန်းသော COVID-19 ရောဂါကာကွယ်ဆေး doses (၈)သန်းကျော်အားလည်း လက်ခံရရှိပြီး ဖြစ်ပါသည်။
      COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၃-၁၀-၂၀၂၁)ရက်နေ့ အထိ လူဦးရေစုစုပေါင်း (၁၀,၇၅၁,၇၆၀)ဦးအား ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့် ထိုးနှံပြီးစီးသူ(၄,၂၆၆,၄၈၄) ဦးနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၆,၄၈၅,၂၇၄)ဦး ရှိပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ (၁၃-၁၀-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၁၅,၀၁၈,၂၄၆)ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။


 

     မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


 

More Tags