တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၄)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ (26-9-2021)

နေပြည်တော်၊ ၂၆-၉-၂၀၂၁

     ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ(၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေးအကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၂၆-၉-၂၀၂၁)ရက်နေ့ ညနေ(၅:၃၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို တိုင်းဒေသကြီး/ပြည်နယ်များသို့ လိုအပ်ချက်အရ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော်(လေ)နှင့် မြန်မာ့လေကြောင်းတို့၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။


 

      ယခုရောက်ရှိလာသောကာကွယ်ဆေးများကို မူလ ဦးတည်အုပ်စုများနှင့် ထပ်မံတိုးချဲ့ထားသော ဦးတည်အုပ်စုများအား ဦးစားပေးအစီအစဉ်များ အလိုက်ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ပါသည်။ ၂၆.၉.၂၀၂၁ နေ့အထိ ကာကွယ်ဆေးများရောက်ရှိလာမှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက ဝယ်ယူထားသော COVISHIELD (၂)သန်း၊ Sinopharm (၁၀)သန်း၊ Sinovac (၂)သန်း စုစုပေါင်း(၁၄)သန်း doses ရောက်ရှိပြီးဖြစ်ပါသည်။


 

   မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများအနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။


 

More Tags