တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူသည့် Sinopharm အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ရေ(၄)သန်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံရောက်ရှိ

နေပြည်တော်၊ ၁၂-၉-၂၀၂၁
     ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက် ရှိပါသည်။ ထိုသို့ ထိုးနှံပေးရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ်တံဆိပ် ကာကွယ်ဆေး အကြိမ်ရေ(၂၄)သန်း စာချုပ်ချုပ်ဆိုဝယ်ယူထားသည့်အနက် ကာကွယ်ဆေး အကြိမ်ရေ (၄)သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၂-၉-၂၀၂၁)ရက်နေ့ ညနေ (၄:၃၀)နာရီတွင် ထပ်မံရောက်ရှိလာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သည့် အဖွဲ့မှ လက်ခံရယူခဲ့ပါသည်။ အဆိုပါကာကွယ်ဆေးများကို (၁၃-၉-၂၀၂၁) ရက်နေ့မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ မြေပြင်ခရီးလမ်းကြောင်းမှလည်းကောင်း၊ တပ်မတော် (လေ)၏ အကူအညီဖြင့် လေကြောင်းခရီးမှလည်းကောင်း အအေးလမ်းကြောင်းမပျက် ဆက်လက်ဖြန့်ဝေသွားမည်ဖြစ်ပြီး ပြည်သူများအား သတ်မှတ်ဦးစားပေးအုပ်စုနှင့် ဦးစားပေးအစီအစဉ်များအလိုက် အမြန်ဆုံး ထိုးနှံပေးသွားမည် ဖြစ်ပါသည်။


 

    ယခုရောက်ရှိလာသောကာကွယ်ဆေးများကို မူလ ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအပြင် ယခင်က အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများအုပ်စုအား အသက်(၅၅)နှစ်နှင့် အထက်သို့ တိုးချဲ့ခြင်း၊ ထပ်မံ၍ ဦးတည်အုပ်စုအသစ်များတိုးချဲ့ခြင်းအနေဖြင့် မသန်စွမ်းသူများအုပ်စု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအုပ်စု၊ နာတာရှည်ရောဂါအခံရှိသူများအုပ်စု၊ ကယ်ဆယ် ရေးစခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင်ရှိသူများအုပ်စုတို့အား ထပ်မံထည့်သွင်းထိုးနှံပေးသွားမည် ဖြစ်ပါသည်။

    COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၁၁-၉-၂၀၂၁) ရက်နေ့အထိ လူဦးရေစုစုပေါင်း (၄,၉၄၄,၆၅၄) ဦးအား ထိုးနှံပေးပြီးဖြစ်၍  ကာကွယ်ဆေးနှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ (၃,၂၃၉,၇၆၄) ဦး နှင့်  ပထမအကြိမ်ထိုးနှံပြီးစီးသူ (၁,၇၀၄,၈၉၀) ဦးရှိပြီဖြစ်ပါသည်။

    သို့ဖြစ်ပါ၍ (၁၁-၉-၂၀၂၁) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၈,၁၈၄,၄၁၈) ကြိမ် ထိုးနှံပြီး ဖြစ်ပါသည်။ မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလအတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုးစုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်းနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန

More Tags