ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေး ကင်းဝေးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာရေးအတွက် အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ (၂၀၁၉) ခုနှစ်၊ ဧပြီလ (၁၈) ရက်

     ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန်များ၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ သည် ယနေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄၇)၊ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သော “ကျောင်းသားလူငယ်ထုအတွင်း ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေးကင်းဝေးရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော ဘဝနေထိုင်မှုပုံစံများ ကျင့်သုံးလာရေးအတွက် အမျိုးသားရေး လှုပ်ရှားမှု အသွင်ဖြင့်ဆောင်ရွက်ရန် အမျိုးသားရေးလှုပ်ရှားမှု အသွင်ဖြင့်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေး” သို့တက်ရောက်ခဲ့ပါသည်။


 

     ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကျောင်းများ၊ တက္ကသိုလ်များတွင် မူးယစ်ဆေး အန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှု ကင်းစင်ပပျောက်ရေး၊ အရက်သေစာ သောက်သုံးမှုကင်းစင် ပပျောက်ရေး၊ ကျောင်းသားထုအတွင်း ကျန်းမာရေးနှင့် ညီညွတ်သည့် နေထိုင်မှု ပုံစံများလိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့် လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု လျော့နည်း ပပျောက်ရေး၊ ကျောင်းသားလူငယ်များကို မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသားလူငယ်များတွင် ဂိမ်းအလွန်အကျွံ စွဲလမ်းမှု ပပျောက်ရေး ကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာန နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ဆက်လက် ပူးပေါင်း၍ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်ရန်အတွက် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊

• ယနေ့ အစည်းအဝေးအား အဆိုပါကိစ္စရပ်များကို အောင်မြင်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးအကြံပြုသွားကြရန်ဖြစ်ပါကြောင်း၊


 

• လုပ်ငန်းများအောင်မြင်ထိရောက်စေရန်အတွက်လ ဆရာ/ဆရာမများ သမဂ္ဂနှင့် ကျောင်းသားသမဂ္ဂများ၏ အခန်းကဏ္ဍသည် အရေးကြီးသဖြင့် ပါဝင်ဆောင်ရွက်စေရမည်ဖြစ်ပါကြောင်း၊

• ပညာရေးဝန်ကြီးဌာနအနေဖြင့် ဘဝတစ်သက်တာသိမှတ်ဖွယ်ရာ သင်ခန်းစာများတွင် ကျန်းမာရေးဆိုင်ရာ အသိပညာဗဟုသုတများကို ထည့်သွင်းသင်ကြားပေးလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် -

• ယနေ့အစည်းအဝေးသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ လုပ်ငန်းများ ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊

• နိုင်ငံတော်၏အနာဂတ်ဖြစ်သော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် (၉.၇)သန်းဦးခန့်ရှိသည့် ကျောင်းသားအရွယ်လူငယ်များ ကျန်းမာရေးအသိပညာဗဟုသုတကြွယ်ဝကာ ကျန်းမာရေးနှင့် ညီညွတ်မျှတစွာ နေထိုင် စားသောက်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းအားဖြင့် ကျောင်းသားလူငယ်အချင်းချင်း သာမက ၎င်းတို့၏ မိဘဆွေမျိုးများ၊ မိတ်ဆွေများကိုပါ ကျန်းမာရေးအသိပညာနှင့် အလေ့အကျင့်များ ဆင့်ပွားဝေမျှပေးနိုင်မည်ဖြစ်ကာ ပိုမိုကျန်းမာသန်စွမ်းလာမည်ဖြစ်ပါကြောင်း၊

• ထိုသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ လမ်းညွှန်မှာကြားခဲ့သည့်လုပ်ငန်းများ အောင်မြင်ရန်မှာ ကျောင်းကျန်းမာရေးဌာနခွဲ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့်နှင့် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်ကာ အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊


 

• ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၏ အခန်းကဏ္ဍမှာလည်းအရေးကြီးပါကြောင်း၊

• အားကစားလေ့ကျင့်ဆောင်ရွက်ခြင်းဖြင့် ဆေးလိပ်၊ မူးယစ်ဆေးဝါးနှင့် အရက်သေစာသုံးစွဲမှုများ လျော့နည်းပပျောက်လာမည်ဖြစ်သဖြင့် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်းကိုလည်း အားပေး မြှင့်တင်ဆောင်ရွက်သွားလျက်ရှိပါကြောင်း၊

• ဆေးလိပ်၊ ​ဆေးရွက်ကြီး၊ ​အရက်နှင့် မူးယစ်ဆေးဝါးများအား ကာကွယ်တားဆီးရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့အပြင် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီများ နှင့် အခြားဆက်နွှယ်အဖွဲ့အစည်းများ၏ ပူးပေါင်းကူညီ ဆောင်ရွက်မှုများသည် အရေးကြီးပါကြောင်း၊

• လုပ်ငန်းများကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် အထူးဦးစားပေး ဆောင်ရွက်သွားရန် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ မဟာဗျူဟာ၊ စီမံကိန်းနှင့် မူဘောင်များချမှတ်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/မများ၊ မိဘဆရာအသင်းများ၏ အခန်းကဏ္ဍသည် အရေးကြီးသည်ဖြစ်သဖြင့် တာဝန်သတ်မှတ် ပါဝင်ဆောင်ရွက်စေရန် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်၍ လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်သွားရန်ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လိုအပ်သည့် ပံ့ပိုးဆောင်ရွက်မှုများကို ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်မှုကို စောင့်ကြည့်ဆန်းစစ်ခြင်းလုပ်ငန်းများကိုလည်း တစ်ပါတည်း ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

     ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကျန်းမာရေးစီမံချက် မန်နေဂျာများနှင့် တာဝန်ရှိသူများက ဘက်ပေါင်းစုံမှ အသီးသီး ဆွေးနွေးအကြံပြုခဲ့ကြပါသည်။


 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် -

• လုပ်ငန်းများကို အမျိုးသားရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွားနိုင်ရန် လက်တွေ့မြေပြင်တွင် အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်သည့် မဟာဗျူဟာ၊ နည်းဗျူဟာ၊ လုပ်ငန်းစဉ်များ၊ လုပ်ငန်းမူဘောင်နှင့် လုပ်ငန်းတာဝန်များ ချမှတ်နိုင်ရေးအတွက် သက်ဆိုင်သူအားလုံး ပါဝင်တက်ရောက်သည့် ဆွေးနွေးနှီးနှောဖလှယ်ပွဲကြီးတစ်ခု အမြန်ဆုံး ပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊


 

• တိုင်းဒေသကြီး/ ပြည်နယ်၊ မြို့နယ် အသီးသီးမှ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ အားကစားမှူးများနှင့် ပညာရေးမှူးများသည် အဓိကခန်းကဏ္ဍမှ ရှေ့ဆောင်ဦးစီးကာ မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့သဘောထား (sense of ownership) ၍ အားလုံးဝိုင်းဝန်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊

• ယနေ့ အစည်းအဝေးသည် ကျောင်းသားလူငယ်များအတွက်သာမက နိုင်ငံ၏ ရှေ့ရေးအတွက်ပါ လွန်စွာအရေးကြီးသော အစည်းအဝေးဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 
 

More Tags