COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းအား အီလက်ထရောနစ် မှတ်ပုံတင်ခြင်း စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်၊ ဇူလိုင် ၂၁ရက်

     COVID-19 ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရောနစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇူလိုင်လ (၁၆)ရက်နေ့နှင့် ဇူလိုင်လ (၁၉)ရက်နေ့တို့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

     အစည်းအ‌ဝေးပထမနေ့၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်မှု ပြတ်တောက်စေရန် COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသည့် လူဦးရေ ၁.၇၅ သန်းအား အီလက်ထရောနစ်စနစ်သုံး Vaccine Management Information System သို့ ထည့်သွင်းထားရှိရမည်ဖြစ်ပြီး၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးသူများ နောက်တစ်ကြိမ် ထပ်မံ မထိုးနှံရေး ဂရုစိုက်သွားရမည်ဖြစ်ပါကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးများကို COVID-19 ရောဂါကာကွယ်ခြင်း၊ ကူးစက်မှု ဖြတ်တောက်ခြင်းနှင့် ရောဂါကြောင့် သေဆုံးမှု လျှော့ချခြင်းတို့အတွက် အကျိုးရှိစွာ အသုံးပြုရမည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရန်အတွက် ဦးစားပေးအုပ်စုများ သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ အဆိုပါ ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် အီလက်ထရောနစ်နည်းပညာကို အသုံးပြု၍ အချက်အလက် ကောက်ယူခြင်း၊ ကာကွယ်ဆေးထိုးမှတ်တမ်း ကဒ်ပြားထုတ်ပေးခြင်း၊ ဆေးထိုးစုရပ်တွင် mobile tablet များ အသုံးပြု၍ မှတ်တမ်းကဒ်ပြားကို Scan ပြုလုပ်ခြင်း၊ ကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် ထိုးနှံခြင်းများကို နည်းပညာအသုံးပြု၍ စနစ်တကျစာရင်းသွင်းခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အဆိုပါကိစ္စနှင့် ပတ်သက်၍ တပ်မတော်မှ နည်းပညာဆိုင်ရာ တာဝန်ရှိသူများမှ ကူညီဆောင်ရွက်ပေးမည်ဖြစ်သောကြောင့် ကျေးဇူးတင်ရှိပါကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရမည့် ဦးစားပေးအုပ်စုအလိုက် စနစ်တကျစာရင်း ကောက်ခံနိုင်ရန်နှင့် ကောက်ခံထားသည့် စာရင်းပေါ်မူတည်၍ မြို့နယ်အသီသီးရှိ ဆေးထိုးစုရပ်များတွင် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း စနစ်တကျဆောင်ရွက်နိုင်ရန် အီလက်ထရောနစ် မှတ်ပုံတင်ခြင်းစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရမည့်သူများ ဆေးထိုးရမည့် ရက်ချိန်းမတိုင်မီ ကြိုတင်၍ QR code ပါဝင်သော ဆေးထိုးမှတ်တမ်းကဒ်ပြားများ ဆေးထိုးစုရပ်အလိုက် ကြိုတင်ဝေငှပေးသွားနိုင်ရေးနှင့် အသုံးပြုသူလွယ်ကူစေရေး၊ အချိန်ကုန်သက်သာစေရေးတို့ကိုပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အီလက်ထရောနစ်နည်းပညာသုံး ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်ပြားအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို ညွှန်ကြားရေးမှူးချုပ်မှ ရှင်းလင်းတင်ပြပြီး၊ နည်းပညာပိုင်းဆိုင်ရာလုပ်ငန်းများကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မန်နေဂျာတို့မှ ဆွေးနွေးတင်ပြကြပါသည်။ တပ်မတော်မှနည်းပညာဆိုင်ရာ တာဝန်ရှိသူများမှ ကူညီပံ့ပိုးပေးနိုင်မည့်လုပ်ငန်းများ၊ ကိစ္စရပ်များနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

 
 

More Tags