ကိုဗစ်ရောဂါနှင့် အောက်ဆီဂျင် (10-7-2021)

နေပြည်တော်၊ ၂၀၂၁ခုနှစ် ဇူလိုင်လ ၁၀ရက်

     ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာသည်နှင့်အမျှ ပြည်သူများအကြား စိုးရိမ်ပူပန်မှုများလာပြီး အချို့သတင်းမှားများကြောင့် အောက်ဆီဂျင်ကို ဈေးကြီးပေးကာဝယ်ယူမှုများ တွေ့ရှိလာရပြီး ဈေးကွက်အတွင်း ဈေးနှုန်းမြင့်လာကာ ဝယ်လိုအားတက်လာသည်ကို တွေ့ရပါသည်။ ထိုသို့မလိုအပ်ဘဲ ဝယ်ယူမှုများကြောင့် အောက်စီဂျင်အမှန်တကယ်လိုအပ်သူများအနေဖြင့် အခက်အခဲရှိနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ ထုတ်ပြန်ချက်အရ ကိုဗစ်ရောဂါဖြစ်ပွားသူများ၏ ၈၀% သည် သာမန်လက္ခဏာများသာ ခံစားရပြီး အများစုသည် ရောဂါလက္ခဏာမပြပါ။ ရောဂါဖြစ်ပွားသူများ၏ ၁၅% သည် ရောဂါပြင်းထန်ပြီး အောက်ဆီဂျင် လိုအပ်နိုင်ပါသည်၊ ကျန် ၅% သည် ရောဂါကို ပြင်းထန်ဆိုးဝါးစွာ ခံစားရနိုင်ပြီး အသက်ရှူအားကူစက်လိုအပ်ပါသည်။ အောက်ဆီဂျင်သည် အသွားနှစ်ဖက်ပါဓါးနှင့်အလားတူပြီး ကျွမ်းကျင်သူများလက်တွင် သုံးတတ်လျှင်ဆေးဖြစ်သော်လည်း မသုံးတတ်သူများလက်ထဲတွင် ဘေးဖြစ်စေနိုင်ပါသည်။

အောက်ဆီဂျင်ကို အိမ်တွင်ပေးသင့်ပါသလားဆိုသည်နှင့်ပတ်သက်၍ WHO မှ ကျွမ်းကျင်ပညာရှင် Dr. Janet Diaz ၏မှတ်ချက်အပေါ်မူတည်၍ မိမိနိုင်ငံအတွက်အသုံးတည့်မည့် အချက်အလက်များ ကိုကောက်နှုတ်ဖော်ပြရလျှင်

- အိမ်တွင်ပြုစုကုသမှုသည် တတ်ကျွမ်းသော ကျန်းမာရေးဝန်ထမ်း၏ ကြီးကြပ်မှုအောက်တွင်သာ ဆောင်ရွက်ရပါမည်။ ဆေးရုံတက်ရောက်ရန်လိုအပ်သည့်အခြေအနေကို နားလည်တတ်ကျွမ်းသည့် ကျန်းမာရေးဝန်ထမ်းက ဆုံးဖြတ်ပေးရမည်ဖြစ်ပြီး နိုင်ငံတစ်ခုချင်းစီ၏ လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရပါမည်။

- အိမ်တွင် သွေးတွင်းအောက်ဆီဂျင်တိုင်းစက် pulse oximeter ကိုဆောင်ထားသင့်ပါသည်။ လွယ်ကူရိုးရှင်းပြီး တိုင်းတာရန်လွယ်ကူပါသည်။ SPO2 90% အောက်ကျပါက သတိပေးလက္ခဏာ တစ်ခုဖြစ်ပါသည်။

- အောက်ဆီဂျင်ပေးသည့်အခါ ကျွမ်းကျင်သောသူများ၏ ကြီးကြပ်မှုအောက်တွင် သေချာချိန်ညှိပြီး စနစ်တကျစောင့်ကြပ်ကြည့်ရှုသည့် စနစ်အောက်တွင် ထားရှိကာ လိုသလိုထိန်းညှိရမည်ဖြစ်သည့်အတွက် အိမ်တွင်မပေးသင့်ပါ။

    သို့ပါ၍ အောက်ဆီဂျင်အိုးများ/ Oxygen concentrator များကို မိမိသဘောဖြင့် ဝယ်ယူခြင်းသည် ငွေကုန်ကြေးကျများကာ အမှန်တကယ်အောက်ဆီဂျင်လိုအပ်သူများတွင်လည်းအခက်အခဲဖြစ်နိုင်သည့်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် အသိပေးပြန်ကြားအပ်ပါသည်။

More Tags