COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် (16-7-2021)

နေပြည်တော်၊ ဇူလိုင်လ (၁၆)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၆-၇-၂၀၂၁)ရက်နေ့၊ နံနက်ပိုင်းတွင် ရုံးအမှတ်(၄)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် -

     ယခုအခါ မိမိတို့နိုင်ငံအတွင်း COVID-19 တတိယလှိုင်း ဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှု မြင့်တက်လာသည့်အတွက် ရောဂါကူးစက်မှုကွင်းဆက် ဖြတ်တောက်နိုင်ရန်နှင့် ကူးစက်မှု လျော့နည်းစေရေးအတွက် သက်ဆိုင်ရာမြို့နယ်များအား Stay at Home သတ်မှတ်ခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှလည်း ဇူလိုင်လ ၁၇ ရက်နေ့မှ ၂၅ ရက်နေ့အထိကို အများပြည်သူတို့၏ အလုပ်ပိတ်ရက်များအဖြစ် သတ်မှတ်ထားပြီးဖြစ်ရာ ပြည်သူများအနေဖြင့် ရုံးပိတ်ရက်ရှည်ကာလအတွင်း ခရီးသွားလာခြင်းမပြုဘဲ မိမိတို့၏ နေအိမ် သို့မဟုတ် အဆောင်များတွင် နေထိုင်ခြင်းဖြင့်လည်းကောင်း၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများအနေဖြင့်လည်း တာဝန်မှအပ ခရီးမသွားရန်နှင့် ယခု ရုံးပိတ်ရက်ရှည်အတွင်း မိမိအိမ်တွင် မိမိနေထိုင်ခြင်း၊ မိမိအိမ်သို့ မလိုအပ်ဘဲ ဧည့်သည်လက်မခံခြင်းဖြင့် ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေး တာဝန်တစ်ရပ်အနေဖြင့် လိုက်နာဆောင်ရွက်သွားရန်၊ ဆေးရုံများအနေဖြင့် လူနာလက်ခံရာတွင် မလိုလားအပ်သော နှောင့်နှေးမှုများ မရှိစေရေးနှင့် ဦးစားပေးလူနာအလိုက် အ‌ရေးပေါ်ကုသမှုရရှိအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိကဆေးရုံများမှလည်း COVID-19 လူနာများအား လက်ခံကုသပေးသွားရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါကုသမှုနှင့်သက်ဆိုင်သည့် အရေးကြီးဆေးဝါးနှင့် ဆေးပစ္စည်းများမပြတ်လပ်စေရေးနှင့် အခက်အခဲမရှိစေရေး အထူးဂရုပြု စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များအလိုက် အောက်စီဂျင်လိုအပ်ချက်ကို အချိန်နှင့်တပြေးညီ ဖြည့်ဆည်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကိစ္စရပ်နှင့်ပတ်သက်၍ Volunteer များ၊ ဆရာဝန်၊ သူနာပြုနှင့် ကျွမ်းကျင်ဝန်ထမ်းများအား ဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားပါကြောင်း၊ လုပ်ငန်းခွင်မှ ပျက်ကွက်နေသူများအနေဖြင့် မိခင်ဝန်ကြီးဌာနသို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်လိုပါက စိုးရိမ်ကြောင့်ကြမှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ပြီး ပြည်သူ့ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာနများတွင် တာဝန်ထမ်းဆောင်နိုင်ရန် စီစဉ်သွားမည်ဖြစ်ပါကြောင်း၊ ဘွဲ့လွန်သင်တန်းမှ ရပ်ဆိုင်းခံထားရသည့် သင်တန်းသားများ ပြန်လည်သင်တန်းတက်ရောက်လိုပါက သတ်မှတ်ထားသည့်ရက်အတွင်း ပြန်လည်လျှောက်ထားပါက သီးခြားအစီအစဉ်တစ်ရပ်အနေဖြင့် လက်ခံနိုင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက COVID-19 ရောဂါ ကုသရေးဌာနများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ သားဖွားဆရာမ ရာထူးနေရာ (၁၀၀၀) အမြန်ဆုံးခန့်ထားနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုနှင့် ပြည်သူ့ဆေးရုံများနှင့် COVID-19 ရောဂါ ကုသရေးဌာနများသို့ နေ့စဉ် အောက်စီဂျင်တင်သွင်းဖြန့်ဝေမှုအခြေအနေများ၊ ရရှိပြီး ဆေးနှင့် Test Kit များ အချိန်မီဖြန့်ဝေနေမှု အခြေအနေတို့အား တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

   ယနေ့ပြုလုပ်သည့်အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 
 

More Tags