ပြည်သူသို့ အသိပေးပန်ကြားချက် (16-7-2021)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ပြည်သူတို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာကာကွယ်ထိန်းချုပ်ကုသနိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် ပြည်သူများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အဆိုပါလုပ်ငန်းများသည် အချိန်တိုအတွင်း ထိရောက်အောင်မြင်၍ ယခုဖြစ်ပေါ်လျက်ရှိသော ရောဂါတတိယလှိုင်းကို ထိခိုက်မှုအနည်းဆုံးဖြင့်ကျော်ဖြတ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါအချက်များကို အားလုံးကိုယ်စီလိုက်နာဆောင်ရွက်၍ ပူးပေါင်းပါဝင်ပံ့ပိုးဆောင်ရွက်ပေးကြပါရန် အသိပေးပန်ကြားအပ်ပါသည်-

(၁) တတ်နိုင်သမျှ အိမ်တွင်း၌သာနေထိုင်ပါ၊ အိမ်တွင်နေထိုင်ခြင်းသည် မိမိကိုယ်တိုင်နှင့်အတူနေ မိသားစုဝင်တို့အားရောဂါကူးစက်မှုအန္တရာယ်မှကာကွယ်ပေးခြင်း၊ ရောဂါကွင်းဆက်များကိုအချိန်တိုအတွင်း ပြတ်တောက်စေခြင်းနှင့် ဒေသတွင်း ရောဂါကို အမြန်ဆုံးထိန်းချုပ်နိုင်ခြင်းရလဒ်တို့ကို ရရှိစေပါသည်၊

(၂) အိမ်တွင်ဧည့်သည်လက်ခံခြင်း လုံးဝမပြုပါနှင့်၊ မိမိကိုယ်တိုင်လည်း ဧည့်သည်အဖြစ် သွားရောက်ခြင်း လုံးဝ မပြုပါနှင့်၊

(၃) မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းည်း(Mask) ကို မဖြစ်မနေ တပ်ဆင်ပါ၊ လက်ကို အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးကြောပါ၊ အခြားသူများနှင့် (၆)ပေအကွာ ခပ်ခွာခွာနေပါ၊ လေဝင်လေထွက် မကောင်းသောအခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊

(၄) လူစုလူဝေး လုံးဝ ရှောင်ကြဉ်ပါ၊

(၅) ဖြစ်နိုင်ပါက တစ်ပတ်လျှင်တစ်ကြိမ်ခန့်သာ စျေးဝယ်ယူပါ၊ ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ထားခြင်း မရှိသော စျေးရောင်းသူများထံမှ စျေးမဝယ်ပါနှင့်၊

(၆) အပြင်ထွက်ရာမှအိမ်ပြန်ရောက်သောအခါတွင် အိမ်သို့ ရောဂါပိုးများသယ်ဆောင်လာခြင်းမရှိစေရန် သတိပြုပါ၊ အသုံးပြုပြီးသော ပါးစပ်နှင့်နှာခေါင်းစည်း (Mask) နှင့် တစ်ခါသုံးပစ္စည်းများကို အိမ်အပြင်တွင် စနစ်တကျစွန့်ပစ်ပါ၊ အဝတ်အစားမလဲမီ/ ကိုယ်လက်သန့်စင်ခြင်းမပြုမီ အိမ်သားများနှင့် အနီးကပ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊

(၇) ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဘက်မှ လူအင်အား၊ ငွေကြေး၊ ပစ္စည်း၊ ကျွမ်းကျင်မှုပညာရပ်များဖြင့် စနစ်တကျပါဝင်ပူးပေါင်းပံ့ပိုးပေးကြပါရန် ဖြစ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 
 

More Tags