ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရရှိမည့် COVID-19 ရောဂါ ကာကွယ်ဆေး (၆)သန်းအား စနစ်တကျ ထိုးနှံနိုင်ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇူလိုင်လ (၁၄)ရက်

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို (၁၄-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင်-

   တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသော ကာကွယ်ဆေးအရေအတွက် (၄)သန်းအနက် ယခုနှစ်ဇူလိုင်လစတုတ္ထပတ်တွင် (၁)သန်းနှင့် ဩဂုတ်လပထမအပတ်တွင် (၃)သန်းမြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှလှူဒါန်းသည့် ကာကွယ်ဆေး (၂)သန်းသည်လည်း သြဂုတ်လအတွင်း ရောက်ရှိလာမည်ဖြစ်သောကြောင့် ရရှိလာမည့် ကာကွယ်ဆေးအရေအတွက် စုစုပေါင်း (၆)သန်းကို ဦးတည်အုပ်စုများနှင့် ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျ ထိုးနှံပေးနိုင်ရေးကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံခြင်း သတင်းအချက်အလက် စနစ်တကျ မှန်ကန်စေရေးနှင့်ကာကွယ်ဆေးထိုးကဒ်များ တစ်နိုင်ငံလုံး တစ်ပြေးညီဖြစ်စေရေး ကိစ္စရပ်များ၊ ကာကွယ်ဆေးထိုးနှံရာတွင် ပါဝင်ဆောင်ရွက်မည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ၊ ကာကွယ်ဆေးများ အအေးလမ်းကြောင်းမပြတ် သိုလှောင်ဖြန့်ဖြူးမည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ယခုနှစ်မကုန်မီ ဆက်တိုက်ရောက်ရှိလာမည့် ကာကွယ်ဆေးများနှင့်ပတ်သက်၍ ကြိုတင်ဆောင်ရွက်ထားရှိမည့် အစီအမံများကိုဆွေးနွေးခဲ့ကြပါသည်။

     ထို့နောက်ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဆေးရုံများတွင် အောက်စီဂျင်ပြတ်လပ်မှု မရှိစေရေးအတွက် ဆေးရုံများရှိ အောက်စီဂျင်ထုတ်လုပ်စက် (Oxygen plant)များ စက်စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ထပ်မံဝယ်ယူတပ်ဆင်ရေးကိစ္စရပ်များ၊ အလွယ်အကူသယ်ယူနိုင်သည့် အောက်စီဂျင်ထုတ်လုပ်စက်များ (Oxygen concentrators)၊ အောက်စီဂျင်ဆလင်ဒါများ ထပ်မံဝယ်ယူဖြည့်တင်းရေးကိစ္စရပ်များ၊ အောက်စီဂျင် ထုတ်လုပ်စက်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ခွင့်ပြုချက် မလိုအပ်ဘဲတင်သွင်းနိုင်ရန် ဖြေလျော့ပေးခဲ့မှုအခြေအနေများ၊ ပြည်တွင်း၌ အောက်စီဂျင်အရည် (Liquid oxygen) များ စက်စွမ်းအားပြည့် တိုးမြှင့်ထုတ်လုပ်လျက်ရှိပြီး ကရင်ပြည်နယ်မြဝတီလမ်းကြောင်းမှ အောက်စီဂျင်အရည် (Liquid oxygen)များ ယနေ့တွင် မြန်မာနိုင်ငံသို့ရောက်ရှိမည်ဖြစ်ကာ ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ဘက်မှလည်း နေ့စဉ်တင်သွင်းနိုင်ရန် စီစဉ်ထားရှိပြီး ပြည်သူ့ဆေးရုံများ၊ ပုဂ္ဂလိကဆေးရုံများနှင့် ပြည်သူများလိုအပ်လျက်ရှိသည့် နေ့စဉ် အောက်စီဂျင်လိုအပ်ချက်အား ဖြည့်တင်းနိုင်ရေးကိစ္စများဆွေးနွေးခဲ့ကြပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် ပြည်တွင်းသို့ အောက်စီဂျင် တင်သွင်းနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်ကို ပြည်သူများကိုယ်စား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင်ရှိပါ‌ကြောင်း ပြောကြားခဲ့ပါသည်။

     ဆက်လက်၍ COVID-19 အတည်ပြုလူနာများ တိုးမြှင့်ထားရှိနိုင်မည့်နေရာများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူနာခုတင်များ ထပ်မံတိုးချဲ့မည့်အစီအစဉ်များ၊ အရေးပေါ်လူနာများကို လက်ခံကုသပေးနိုင်ရေးအတွက် ပြည်သူ့ဆေးရုံများမှ ဦးစားပေးလိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများတွင် COVID-19 အတည်ပြုလူနာများ တိုးမြှင့်လက်ခံထားရှိရန်ကိစ္စများနှင့် ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ်များ၊ တာဝန်ခံ ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွန်ကြားရေးမှူးများမှ သက်ဆိုင်ရာလုပ်ငန်း အလိုက်အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာလုပ်ငန်းအလိုက် ဆောင်ရွက်ရန်ရှိသည်များကို ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်သည်များကို လမ်းညွန်မှာကြားခဲ့ပါသည်။

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး)၊ ဦးစိန်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန) ဒေါက်တာမြတ်ဝဏ္ဏစိုးနှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 
 

More Tags