COVID-19 ကပ်ရောဂါဆိုင်ရာ အကြံပေး အဖွဲ့နှင့် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ် (8-7-2021)

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ညှိနှိုင်းအစည်းအဝေးကို (၈-၇-၂၀၂၁) ရက်နေ့၊ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ နေပြည်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။


 

    ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

COVID-19 ရောဂါဖြစ်ပွားမှု များပြားလျက်ရှိပါကြောင်း၊ ဆေးရုံလူနာခုတင် စီမံခန့်ခွဲမှု၊ အောက်စီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းမှုတို့အား အထူးဦးစားပေးအနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊

ယနေ့တွင် ရန်ကုန်မြို့၌ သုဝဏ္ဏ COVID-19 ကုသရေးဌာန ဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊ ဖောင်ကြီး COVID-19 ကုသရေးဌာနနှင့် တောင်ဥက္ကလာပဆေးရုံကြီးတို့၌လည်း လူနာများ အဆင်ပြေစွာ လက်ခံကုသပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လက်ရှိတွင် ဖောင်ကြီး၌ လူနာ(၂၀၀) လက်ခံနိုင်ရေး ပြင်ဆင်လျက်ရှိပြီး (၇၀၀)၊ (၈၀၀)ဦး အထိ လက်ခံနိုင်ရန် ဆက်လက်စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ယခုရောဂါပိုးသည် ကူးစက်မှု ပိုမိုမြန်ဆန်ပါကြောင်း၊ အဓိက စိန်ခေါ်မှုမှာ လူ့စွမ်းအားအရင်းအမြစ် ကိစ္စဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ယခုလက်ရှိ အခြေအနေတွင် ဝန်ကြီးဌာန၏ ဝန်ထမ်းအင်အား (၆၀)ရာခိုင်နှုန်းခန့်ဖြင့်သာ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေရပြီး အခက်အခဲများကြားမှ ပြည်သူလူထု၏ကျန်းမာရေး စောင့်ရှောက်မှုအတွက် နေ့မနားညမအား တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများအား အထူးပင်ကျေးဇူးတင် ချီးကျူးဂုဏ်ပြုပါကြောင်း၊


 

အောက်စီဂျင်ထုတ်လုပ်မှုအား အမြင့်ဆုံးရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးရုံများရှိ အောက်စီဂျင်ထုတ်လုပ်စက် (Oxygen Plant) များ ပုံမှန် ဆက်လက်လည်ပတ်နိုင်စေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အောက်စီဂျင်အရည် (Liquid Oxygen) အား ရန်ကုန်၊ မန္တလေး၌ အသုံးပြုလျက်ရှိပြီး နေပြည်တော်၌လည်း စတင် တပ်ဆင်နေပြီ ဖြစ်ပါကြောင်း၊ လိုအပ်သော အောက်စီဂျင်အရည် (Liquid Oxygen) အား နယ်စပ်များမှတဆင့် တင်သွင်းနိုင်ရေးအတွက်လည်း ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်နေပါကြောင်း၊ အောက်စီဂျင် ပြတ်လပ်မှု မရှိစေရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရောဂါကူးစက်မှု ကျဆင်းစေရေးအတွက် ကန့်သတ်တားမြစ်ခြင်းများကို တရားဥပဒေနှင့် အညီ (Law Enforcement) ရအောင် ညှိနှိုင်းထားရှိပါကြောင်း၊ အစည်းအဝေးများအား Online မှတစ်ဆင့် Virtual Meeting ဖြင့် ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် ခရီးအသွားအလာကန့်သတ်ခြင်း Travel Restriction နှင့် ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊

နိုင်ငံတော်၏ စီးပွားရေးမထိခိုက်စေရန် စက်ရုံ၊ အလုပ်ရုံများတွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် COVID-19 စည်းကမ်းချက်များကို ကြီးကြပ်ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း၊

လူစုလူဝေး ဖြစ်ပွားနိုင်သည့် အခမ်းအနားများ၊ ဘာသာရေးပွဲများအား လူအနည်းဆုံးဖြင့် စနစ်တကျ ဆောင်ရွက်ရန်၊ သင်တန်းများ ဆောင်ရွက်ခြင်းအား ခေတ္တဆိုင်းငံ့ထားရန်


 

ကာကွယ်ဆေးထိုးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးပါက ကူးစက်ဖြစ်ပွားမှုအနည်းအကျဉ်း ရှိနိုင်သော်လည်း ရောဂါပြင်းထန်မှု မရှိခြင်း၊ ရောဂါပြန့်ပွားမှုကို လျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများ ရှိပါကြောင်း၊ ကာကွယ်ဆေးများ ရရှိစေရေး ဆက်လက်ညှိနှိုင်း ဝယ်ယူရန် စီစဉ်လျက်ရှိပါကြောင်း၊ ယခုနှစ်အကုန်တွင် တစ်နိုင်ငံလုံးကာကွယ်ဆေးလွှမ်းခြုံမှု (Vaccination Coverage) (၅၀) ရာခိုင်နှုန်း အထိ ရရှိရန် ရည်မှန်းထားပါကြောင်း၊

နိုင်ငံ့ဝန်ထမ်းများ အများစုအား ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပုဂ္ဂလိကကျန်းမာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၌ လုပ်ကိုင်နေသူများ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း (Hotel and Tourism) ကဏ္ဍ၌ လုပ်ကိုင်နေသူများ စသဖြင့် ဦးစားပေး အုပ်စုများ ခွဲခြား၍ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အလှူရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ပညာရှင်များမှလည်း COVID-19 ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် ဖိတ်ခေါ်ပါကြောင်း


 

COVID-19 ရောဂါစစ်ဆေးခြင်း (Testing capacity) အား မြှင့်တင်နိုင်ရေး၊ ရောဂါတွေ့ရှိပါက အမြန်ဆုံးကုသမှုရရှိနိုင်ရေးတို့အား အားဖြည့်ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာမြို့နယ် ကုသရေးဦးစီးဌာနမှူးများ၏ စွမ်းဆောင်ရည်မြင့်မားစေရန် ဦးစီးဌာနမှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

    ထို့နောက် COVID-19 ကပ်ရောဂါဆိုင်ရာ အကြံပေး အဖွဲ့၌ နာယကများဖြစ်သူ ပါမောက္ခဒေါက်တာကျော်မြင့်၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး(အငြိမ်းစား)၊ ပါမောက္ခဒေါက်တာ ဖေသက်ခင်၊ ကျန်းမာရေးဝန်ကြီးဝန်ကြီး(အငြိမ်းစား)၊ အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းနှင့်အကြံပေးအဖွဲ့ဝင်များမှ အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် ရေတိုရေရှည်အလိုက် ဦးစားပေးလုပ်ငန်းစဉ်များကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြပါသည်။


 

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ COVID-19 ကပ်ရောဂါဆိုင်ရာ အကြံပေးအဖွဲ့ နာယကများဖြစ်သူ ပါမောက္ခဒေါက်တာကျော်မြင့်၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး (အငြိမ်းစား)၊ ပါမောက္ခဒေါက်တာဖေသက်ခင်၊ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး(အငြိမ်းစား)၊ အဖွဲ့ဥက္ကဋ္ဌဖြစ်သူ ပါမောက္ခဒေါက်တာစိုးလွင်ငြိမ်းနှင့်အကြံပေးအဖွဲ့ဝင်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။


 

 
 
 

More Tags