ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း COVID-19 ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

     COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ (၁) ရက်နေ့ နံနက် (၁၀) နာရီအချိန်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန COVID-19 Command Center ၌ Video Conferencing စနစ်ဖြင့်ကျင်းပရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။


 

     အစည်းအဝေးတွင် COVID-19 ရောဂါပိုး တွေ့ရှိရမှုများပြားလာနေသည့် မြို့နယ်များတွင် လိုအပ်ချက်နှင့်အညီ Stay at home သတ်မှတ်နိုင်ရေး၊ အချို့မြို့နယ်များ Stay at home သတ်မှတ်ခြင်း မပြုသော်လည်း သတ်မှတ်ထားသောစည်းကမ်းလိုက်နာဆောင်ရွက်ရေး၊ COVID-19 ကာကွယ်ရေးပစ္စည်းများ ဖြန့်ဝေထားမှုအား စနစ်တကျ အသုံးပြုရေးနှင့် လိုအပ်ချက်ရှိလာပါက ဖြည့်ဆည်းနိုင်ရေး ဝယ်ယူထားရှိရန်ကိစ္စ၊


 

ပြည်သူ့ဆေးရုံများတွင် လိုအပ်ချက်နှင့်အညီ လူနာများ အောက်စီဂျင်အသုံးပြုနိုင်ရေး အောက်စီဂျင်အိုးများထောက်ပံ့ထားရှိရန်၊ Liquid oxygen ရရှိနေသည့် ရန်ကုန်/မန္တလေးမြို့ရှိ ပြည်သူ့ဆေးရုံကြီး များတွင် ပြင်းထန်လူနာများ ပိုမိုလက်ခံကုသရေး၊


 

Liquid oxygen အဆက်မပြတ်ရရှိရေး ကြိုတင်ညှိနှိုင်းကာ နှီးနွယ်ဌာနများ၏ အကူအညီရယူရေး၊ Oxygen Plant တပ်ဆင်ထားရှိသည့်ဆေးရုံများတွင် စနစ်တကျ အောက်စီဂျင်ထုတ်လုပ်ဖြန့်ဝေခြင်း၊ အရေးပေါ် Oxygen Plant တပ်ဆင်သည့် ဆေးရုံများတွင် လုပ်ငန်းအမြန်ပြီးစီးရေးဆောင်ရွက်ရန်၊ Rapid Antigen Test (RDT) များ အလုံအလောက် ဖြန့်ဝေထားရှိပြီးဖြစ်သဖြင့် သံသယလူနာများ စစ်ဆေးနိုင်ရေး စီစဉ်ဆောင်ရွက်ရန်၊


 

 

နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်- ၁၀၀၀) တွင် RT-PCR စက် တပ်ဆင်ပြီးစီးပြီဖြစ်သဖြင့် စစ်ဆေးမှုအမြန်စတင်နိုင်ရေးလိုအပ်မည့် reagent အမြန် စီစဉ်ရန်၊ ကုန်စည်ကူးသန်းရေးတွင် မထိခိုက်စေရန် COVID-19 ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာ ဌာန/အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ပုဂ္ဂလိကဆေးရုံ/ရောဂါရှာဖွေရေး လုပ်ငန်းများအနေဖြင့် ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက်အရ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်၊ ကုသရေးဌာနများကူညီဆောင်ရွက်ရန်၊


 

 

ဖြန့်ဝေပြီးသော Mask များကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် Mask campaign များပြုလုပ်သွားရန်နှင့် ထပ်မံဖြန့်ဖြူးနိုင်ရေးစီစဉ်ထားရှိပါကြောင်း၊ ယခုလအတွင်းရရှိမည့် COVID-19 ကာကွယ်ဆေးများကို စနစ်တကျ ဦးစားပေးသတ်မှတ်ချက်များအတိုင်း ကူးစက်မှုများပြားနေသည့် နေရာ/ဒေသများရှိ ဦးတည်အုပ်စုများအား ထိုးနှံနိုင်ရေး သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလိုက် ကြိုတင်စီစဉ်ဆောင်ရွက်သွားရန်ကိစ္စရပ်များကို ညှိနှိုင်းခဲ့ကြပါသည်။


 

 

    ဆက်လက်၍ COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများမှ တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့မှ ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။


 

 

    ယနေ့ကျင်းပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


 
 
 
 

More Tags