COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် (30-6-2021)

     COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၃၀-၆-၂၀၂၁)ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။


 

     အစည်းအဝေးတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် -

ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုမြင့်တက်လျက်ရှိသည့်အတွက် COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဗဟိုရှိသက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကိုတွေ့ဆုံ၍ လတ်တလောဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများနှင့် လုပ်ငန်းလိုအပ်ချက်များအပေါ် အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရန်အတွက် အစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊

ဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်(စ်)ကြောင့် ပိုးတွေ့အတည်ပြုလူနာသစ်ဦးရေသည်လည်း အချိန်တိုကာလအတွင်း များပြားလာခြင်းဖြစ်၍ မိမိတို့အနေဖြင့် ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊

လက်ရှိအချိန်ကာလတွင် ရောဂါကူးစက်ဖြစ်ပွားမှုများပြားလျက်ရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြည်နယ်/တိုင်းဒေသကြီးအလိုက်၊ မြို့နယ်အလိုက်၊ ရပ်ကွက်/ကျေးရွာအလိုက် ရောဂါပိုးတွေ့ရှိရမှုအခြေအနေများကို စဉ်ဆက်မပြတ်စောင့်ကြပ်ကြည့်ရှု၍ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများနှင့် ဆက်သွယ်ညှိနှိုင်းကာ ဗဟိုအနေဖြင့် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို လျင်လျင်မြန်မြန်တုံ့ပြန်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊

ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရမည့် ဆေးနှင့်ဆေးပစ္စည်းများ၊ စက်ကိရိယာများကို အချိန်နှင့်တပြေးညီထောက်ပံ့ပေးနိုင်ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လိုအပ်လာနိုင်သည့်ပစ္စည်းများကို ကြိုတင်တွက်ချက်ဝယ်ယူစုဆောင်းထားသည့် လုပ်ငန်းများကိုလည်း အချိန်မီ ပြီးမြောက်စေရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အောက်ဆီဂျင် ပြတ်လပ်မှုမရှိစေရေး အဖက်ဖက်မှ ကြိုတင်ဆောင်ရွက်ထားရန်ဖြစ်ပါကြောင်း၊


 

ကုသရေးလုပ်ငန်းများ၊ အသွားအလာကန့် သတ်ထားရှိရာနေရာ (quarantine center) များနှင့်ပတ်သက်၍ ဆောင်ရွက်ရာတွင် ရရှိနိုင်သော လူ့စွမ်းအားအရင်းအမြစ်များကို အကျိုးရှိဆုံး အထိရောက်ဆုံးဖြစ်စေရန် စနစ်တကျစီမံခန့်ခွဲရမည်ဖြစ်ပြီး နေ့စားဝန်ထမ်းများခန့်အပ်ခြင်း၊ နှီးနွယ်ဌာနများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်ရရှိစေရေး လုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လက်ရှိ တာဝန်ယူ ထမ်းဆောင်ပေးနေသူများကိုလည်း အထူးမှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ ကာကွယ်တားဆီးထိန်းချုပ် ရေးအတွက် ရုံးများ၊ စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများ၊ ဘဏ်များ၊ ဈေးများ အပါအဝင် လူစုလူဝေးများသောနေရာများတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်ထားရှိပြီးဖြစ်၍ အဆိုပါလုပ်ငန်းလမ်းညွှန်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက် ကြစေရေး ပြည်နယ်/တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများနှင့် ပူးပေါင်းညှိနှိုင်းကာ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာလုပ်ငန်းအလိုက်၊ ဒေသအလိုက် စနစ်တကျ ကြီးကြပ် လမ်းညွှန်ပံ့ပိုးမှုပေးနိုင်မည့် အဖွဲ့များကိုလည်း ဖွဲ့စည်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊

လိုက်နာမှုအားနည်းသူများကို ပညာပေးခြင်း၊ သတိပေးခြင်း၊ လိုအပ်ပါကအရေးယူခြင်းမျိုးကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့်ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊


 

အခြေခံပညာကျောင်းများတွင်လည်း COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ စည်းမျဉ်းစည်းကမ်းများကို တိကျစွာလိုက်နာစေရေး ပညာရေး ဝန်ကြီးဌာနှင့်ပူးပေါင်း၍ ရောဂါဖြစ်ပွားမှုများပြားရာဒေသများတွင် အထူးသတိပြုကာအရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊

ရောဂါဖြစ်ပွားမှုများပြားသည့်မြို့နယ်များကို လိုအပ်ပါက မိမိအိမ်တွင်သာနေထိုင်ခြင်း (Stay at Home) အစီအစဉ်တွင်ပါဝင်သည့် မြို့နယ်များအဖြစ် သတ်မှတ်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ မြို့နယ်များတွင် ပြည်သူများအကြား ကျန်းမာရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများနှင့် လူစည်ကားရာနေရာများတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခြင်း (Mask Campaign) များကို တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


 

ဆက်လက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်(ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး) ဒေါက်တာထွန်းတင် က လက်ရှိ COVID-19 ရောဂါဖြစ်ပွားမှုအခြေအနေနှင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို လည်းကောင်း၊

ညွှန်ကြားရေးမှူး(ကူးစက်) ဒေါက်တာတိုးသီရိအောင်က COVID-19 ရောဂါ ဖြစ်ပွားမှု များပြားလျက်ရှိသည့် ပြည်နယ်/တိုင်းဒေသကြီးနှင့် မြို့နယ်များအခြေအနေကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး(ကုသရေး) ဒေါက်တာမိုးခိုင်က ပြည်သူ့ဆေးရုံများတွင် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး(ဝယ်ယူဖြန့်ဖြူးရေး)၊ ကုသရေးဦးစီးဌာန၊ ဒေါက်တာကျော်စိုးမင်းနှင့် ညွှန်ကြားရေးမှူး(ဝယ်ယူဖြန့်ဖြူးရေး)၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာဆွေဇင်ဝင်းတို့က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆေးဝါးနှင့်ဆေးပစ္စည်းများ၊ အောက်ဆီဂျင်ထုတ်လုပ်သည့်စက်များနှင့် အောက်ဆီဂျင်ဆလင်ဒါများ ဖြန့်ဖြူးပေးထားနိုင်သည့်အခြေအနေများနှင့် လိုအပ်သည့်ပစ္စည်းများကို အချိန်မီဝယ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိသည့်အခြေအနေများကိုလည်းကောင်း၊

ညွှန်ကြားရေးမှူး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး) ဒေါက်တာသန်းနိုင်စိုးက ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းလမ်းညွှန်များ ရေးဆွဲထားရှိခြင်း/ မွမ်းမံရေးဆွဲခြင်းနှင့် ဖြန့်ဝေပေးထားနိုင်သည့် အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက တင်ပြချက် တစ်ခုချင်းအလိုက် အသေးစိတ်လမ်းညွှန်မှုများ ပေးအပ်ခဲ့ပါသည်။


 

     အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

More Tags