ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ရန်ကုန်မြို့ရှိ COVID-19 ရောဂါ ကုသရေးဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများအား သွားရောက်ကြည့်ရှုစစ်ဆေး

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ(၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းရှိ ရိုးမရိပ်သာ Quarantine center သို့သွားရောက်၍ ပြည်ပမှပြန်လာသူများအား Quarantine ထားရှိဆောင်ရွက်နေမှု အခြေအနေများ၊ လုံခြုံရေး အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက Quarantine center ၏ အကျယ်အဝန်း၊


 

Quarantine ထားရှိနိုင်မည့်လူဦးရေ၊ လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် တကိုယ်ရေသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိပေးမှု အခြေအနေများ၊


 

လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးက လူနာများအားဆေးရုံသို့ လွှဲပြောင်းကုသရန်လိုအပ်ပါက အချိန်နှင့်တပြေးညီ လွှဲပြောင်းပို့ဆောင်နိုင်ရန် ဆောင်ရွက်ထားရှိရန်နှင့် မလွှဲပြောင်းမီ အရေးပေါ်ကုသမှုပေးနိုင်ရန် ဆေးခန်းထားရှိနိုင်ရေး၊


 

လူနာများ၏ကျန်းမာရေးအခြေအနေများကို control roomမှ အချိန်နှင့်တပြေးညီစီမံခန့်ခွဲနိုင်ရေးနှင့် လိုအပ်သည့် Volunteer များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရေးတို့နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းမတော်မြို့နယ်ရှိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့သွားရောက်ကာ COVID-19 ရောဂါပြင်းထန်လူနာများ လက်ခံကုသနိုင်ရန် ICU နှင့် HDU ခန်းများ ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး


 

တာဝန်ရှိသူများက လိုအပ်ချက်များကိုတင်ပြဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အထွေထွေရောဂါကုဆေးရုံသစ်ကြီးသို့သွားရောက်ခဲ့ပြီး ပါမောက္ခဌာနမှူးများနှင့်တွေ့ဆုံကာ COVID-19 လူနာများအား ရောဂါအခြေအနေပေါ်မူတည်၍ သက်ဆိုင်ရာဆေးရုံများမှ စနစ်တကျ လက်ခံကုသမှုပေးနိုင်ရေး၊ COVID-19 ရောဂါကုသရေးတာဝန်များအပြင် ပုံမှန်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုလည်း အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားနိုင်ရေးတို့နှင့်ပတ်သက်၍ လမ်းညွှန်မှာကြားပါသည်။


 

     ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန်လ(၂၆)ရက် နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် Myanmar Convention Center တွင်ဖွင့်လှစ်ထားသော COVID-19 ရောဂါ ကုသရေးဌာနသို့သွားရောက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ COVID-19 ရောဂါကုသရေးဌာန စတင်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ စည်ပင်ကျန်းမာဌာနမှူး ဒေါက်တာသန်းသန်းလွင်နှင့် တာဝန်ရှိသူများမှ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ရှင်းလင်းတင်ပြခဲ့ပြီး


 

ပြည်ထောင်စုဝန်ကြီးက လိုအပ်သည့် ဆေးပစ္စည်းကိရိယာများကို ဖြည့်ဆည်းပေးသွားမည့် အခြေအနေများ၊ လိုအပ်လျက်ရှိသည့် Volunteer များကို နေ့စားဝန်ထမ်းစနစ်ဖြင့် ဖြည်းဆည်းပေးသွားရန်၊ လူနာများ နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် စီစဉ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။


 

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် COVID-19 ရောဂါ ကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာသို့ သွားရောက်ကာ အသင့်အတင့်ရောဂါလက္ခဏာရှိ လူနာများအား Oxygen ပေးနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လူနာများအား စနစ်တကျ ကျန်းမာရေးစစ်ဆေးနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လူနာများ၏ အခြေအနေကို Control room မှနေ၍ အချိန်နှင့်တပြေးညီ စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လူနာလွှဲပြောင်းလက်ခံကုသမှုစနစ် ဆောင်ရွက်ထားရှိရန်၊ ကုသရေးဌာနမှ တာဝန်ရှိသူများအနေဖြင့် ဌာနဆိုင်ရာအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ လူနာများ သက်တောင့်သက်သာရှိစွာဖြင့် အမြန်ဆုံး ရောဂါသက်သာပျောက်ကင်းစေရန် ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာများအပေါ်တွင် မိမိတို့၏မိသားစုဝင်များကဲ့သို့ သဘောထားကာ ဆေးပညာကျင့်ဝတ်များနှင့်အညီ ပြုစုစောင့်ရှောက်သွားရန်၊ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင်လည်း မိမိတို့ကျန်းမာရေးဝန်ထမ်းများ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရန် infection control procedure များအား တိတိကျကျ လိုက်နာသွားကြရန် လမ်းညွှန် မှာကြားခဲ့ပါသည်။


 

ရိုးမရိပ်သာ COVID-19 ရောဂါကုသရေးဌာနအနေဖြင့် Quarntine (၁,၀၀၀) ဦးနှင့် COVID-19 ရောဂါအတည်ပြုလူနာ (၅၇၆)ဦး၊ COVID-19 ရောဂါကုသရေးဌာန (မရမ်းကုန်း) အင်းယားစင်တာတွင် COVID-19 ရောဂါအတည်ပြုလူနာ (၄၀၀)ဦး၊ MCC COVID-19 ရောဂါကုသရေးဌာနတွင် COVID-19 ရောဂါအတည်ပြုလူနာ (၂၅၀)ဦး လက်ခံကုသပေးသွား နိုင်မည်ဖြစ်ပြီး MCC COVID-19 ရောဂါကုသရေးဌာနအနေဖြင့် (၂၆.၆.၂၀၂၁) ရက်နေ့မှ စတင်၍ လူနာလက်ခံကုသပေးသွားမည်ဖြစ်ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေရောဂါဆေးရုံသစ်ကြီး၊ ရန်ကုန်တို့တွင်လည်း COVID-19 ရောဂါလူနာများလက်ခံကုသပေးနေပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

 
 

More Tags