ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများနှင့် တွေ့ဆုံ

     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ (၂၄) ရက်နေ့ နံနက် (၁၀)နာရီတွင် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူး များနှင့်တွေ့ဆုံကာ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ စနစ်တကျ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေး မှာကြားပါသည်။


 

     တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး/ပြည်နယ်အလိုက် COVID-19 ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ‌ဆောင်ရွက်ရာတွင် ဒေသတွင်း COVID-19 ရောဂါဖြစ်ပွားနေမှု အခြေအနေနှင့်အညီ သက်ဆိုင်ရာအဖွဲ့အစည်း/ဌာနများ၏ ကူညီပံ့ပိုးမှု ရယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

     ရောဂါထိန်းချုပ်နိုင်ရေးအတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများနှင့် ချိတ်ဆက်ရန် လိုအပ်သည်များကို စီမံဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊


 

     မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်းနှင့် တွေ့ဆုံပြီး ပုဂ္ဂလိက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို COVID-19 ကပ်ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ရန် မှာကြားခဲ့ပါကြောင်း၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်လိုအပ်ချက် ဖြစ်ပါသဖြင့် ပြည်သူများ အကျိုးဆိုင်ရာအားလုံး ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

ကျန်းမာရေးဆိုင်ရာလူမှုရေးအသင်းအဖွဲ့များ၊ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံကျန်းမာရေးမှူးများအသင်းတို့မှ စေတနာ့ဝန်ထမ်းများ ပါဝင်ကူညီရေး ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ COVID-19 ကာကွယ်ဆေး ထပ်မံရရှိလာပါက ဦးစားပေး အုပ်စုများအလိုက် ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ လက်ရှိအခြေအနေအရ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါဖြစ်ပွားမှု ထိန်းချုပ်ရာတွင် အထောက်အကူဖြစ်စေသဖြင့် ကာကွယ်ဆေးရရှိနိုင်မည့် နည်းလမ်းများ ရှာဖွေဆောင်ရွက်နေပါကြောင်း၊ ရောဂါကူးစက်မှုလမ်းကြောင်း ပြတ်တောက်နိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ နည်းဗျူဟာများ၊ စနစ်တကျ တိတိကျကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ stay at home မြို့နယ်များတွင် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပီပီပြင်ပြင်ဆောင်ရွက်ရန် ပိုးတွေ့လူနာ များပြားလာနေသည့် မြို့နယ်များ၊ အစုလိုက်ပိုးတွေ့နေရာများတွင် အထူးဂရုပြုဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊


 

COVID-19 ကုသရေးလုပ်ငန်းတွင် ပိုးတွေ့လူနာများအား Risk Group ခွဲခြားကာ ရောဂါလက္ခဏာမရှိသော ပိုးတွေ့လူနာများအား ဆေးရုံမှအပ အခြားသင့်လျော်ရာနေရာများတွင် COVID-19 ကုသရေးဌာနများ ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးရန် စေတနာ့ဝန်ထမ်း ကျန်းမာရေးဝန်ထမ်းများ အကူအညီရယူရန် ညှိနှိုင်းရန်ဖြစ်ပါကြောင်း၊


 

လူစုလူဝေးများသည့် နေရာများသည် ဈေး၊ ဘဏ်၊ အများသုံး ဘတ်စ်ကားများ၊ စာသင်ကျောင်းများတွင် သတ်မှတ်ထားသည့် လမ်းညွှန်ချက်များ တိတိကျကျလိုက်နာရန် ညှိနှိုင်း ဆောင်ရွက်ရန် ဖြစ်ပါကြောင်း၊ COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများနှင့် ပူးပေါင်းကာ ပြည်သူလူထု၊ နှီးနွယ်ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ကူညီပံ့ပိုးမှု ရရှိရေး ဆောင်ရွက်ရန် မှာကြားဆွေးနွေးပါသည်။


 

     ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူးများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပါသည်။


 

     အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနမှူးများ တက်ရောက်ခဲ့ပြီး နေ့လယ် (၁)နာရီအချိန်တွင် အစည်းအဝေး ရုတ်သိမ်းခဲ့ပါသည်။

 
 

More Tags