ရန်ကုန်မြို့ပေါ်ရှိ COVID-19 ကုသရေးဌာနများ ပြင်ဆင်ထားရှိမှုနှင့် ပညာရေးဝန်ထမ်းများအား COVID-19 ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ (၁၈-၆-၂၀၂၁)ရက်နေ့တွင် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ Myanmar Convention Centre (MCC) သို့ ရောက်ရှိပြီး COVID-19 ရောဂါပိုးတွေ့လူနာများ လက်ခံကုသနိုင်ရေး ပြင်ဆင်ထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။


 

     အဆိုပါနေရာတွင် COVID-19 ရောဂါပိုးတွေ့လူနာ (၂၅၀)ဦးကို လက်ခံကုသပေးနိုင်ရေးအတွက် လူနာခုတင်များ၊ လူနာအသုံး အဆောင်ပစ္စည်းများ အသင့်ပြင်ဆင်ထားရှိပြီး လိုအပ်မည့် ဆရာဝန်၊ သူနာပြုများအပါအဝင် ဆေးအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ အစီအစဉ်ဖြင့် တာဝန်ချထား ဆောင်ရွက်မည် ဖြစ်ပါသည်။


 

     ဆက်လက်၍ Myanmar Convention Centre (MCC) တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်းဆရာ၊ ဆရာမများအား COVID-19 ရောဂါကာကွယ်ဆေးထိုးနှံနေမှု အခြေအနေကို ကြည့်ရှု အားပေးကာ လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။


 

     ၎င်းအပြင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် COVID-19 ကုသရေးဌာန(မရမ်းကုန်း) (အင်းယားစင်တာ)သို့ ရောက်ရှိပြီး COVID-19 ရောဂါပိုးတွေ့လူနာ (၅၀၀)ဦး လက်ခံကုသနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ အဆိုပါ COVID-19 ကုသရေးဌာနများတွင် နိုင်ငံသား COVID-19 ရောဂါပိုးတွေ့ရှိသူများအား အချိန်နှင့်တစ်ပြေးညီ အခမဲ့ဆေးကုသမှုအပါအဝင် လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

More Tags