ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ အားဖြည့်ဆောင်ရွက်ရေး ကွင်းဆင်းစစ်ဆေး


     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းသည် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်အတူ (၁၇-၆-၂၀၂၁)ရက်နေ့ နံနက်ပိုင်း၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရန်ကုန်မြို့ပေါ်ရှိ ဗဟိုအဆင့်ဆေးရုံအုပ်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၊ တိုင်းဒေသကြီးအဆင့် ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီးများ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူး/အထူးကုဆရာဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။


 

    အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ဆေးရုံအုပ်ကြီးများမှ ဆေးရုံအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်နေမှုအခြေအနေ၊ (၂၄)နာရီပတ်လုံး ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေမှုအခြေအနေနှင့် အတွင်းလူနာများကုသ‌ပေးနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေများ၊ COVID-19 ရောဂါပိုးတွေ့လူနာလက်ခံကုသနိုင်ရေး၊ ICU ပြင်ဆင်ထားရှိမှုများ၊ ဓာတ်ခွဲခန်း၊ ဓာတ်မှန်ခန်းနှင့် ခွဲစိတ်ခန်းများ ပြင်ဆင်ထားရန် လိုအပ်ချက်များကို အသေးစိတ်တင်ပြဆွေးနွေးရာ ဒုတိယဝန်ကြီးမှ လိုအပ်ပါက ဆေးရုံအချို့ရှိ ကျန်းမာရေးဝန်ထမ်းအင်အားများ ပေါင်းစည်းပြီး ဖွင့်လှစ်နိုင်ခြင်းဖြင့် လူနာပိုမို လက်ခံနိုင်ရေးနှင့် ဆေးရုံအင်္ဂါရပ်နှင့်အညီ လူနာများကို ၂၄ နာရီ ကုသမှုခံယူနိုင်စေရန် ဆောင်ရွက်ထားရေး အလေးအနက် မှာကြား ဆောင်ရွက်ခဲ့ပါသည်။


 

     ၎င်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ COVID-19 အထူးကြပ်မတ်ကုသဆောင်တွင် COVID-19 ရောဂါ ပြင်းထန်လူနာများ ကုသမှု ခံယူနိုင်ရန် ပြင်ဆင်ထားရှိမှု ကို သွားရောက်စစ်ဆေးကာ အတွင်းလူနာများကို ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

More Tags