COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ် (15-6-2021)


      COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၅-၆-၂၀၂၁) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄) အစည်းအဝေးခန်းမတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း တက်ရောက်ခဲ့ပါသည်။


 

    အစည်းအဝေးတွင် ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် -

   COVID-19 ရောဂါသည် ကမ္ဘာ့နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုမြင့်တက်လျက်ရှိရာမှ ၄င်းနိုင်ငံများနှင့် ဆက်စပ်လျက်ရှိသော မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင် (၂၀၂၁)ခုနှစ် မေလကုန်ပိုင်းမှ စတင်၍ ‌ရောဂါဖြစ်ပွားမှု များပြားလာသည်ကိုတွေ့ရှိရပါကြောင်း၊


 

မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ထိစပ်မှု ရှည်လျားသဖြင့် ၄င်းနိုင်ငံများတွင် COVID-19 ရောဂါ မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိမှုနှင့်အတူ ရောဂါဖြစ်ပွားမှု မြင့်မားလာသည့်အခါတွင် မိမိတို့နိုင်ငံအတွင်းသို့လည်း အဆိုပါရောဂါပိုးများ ကူးစက်လာနိုင်ခြေ မြင့်တက်လာပါကြောင်း၊


 

ထိုသို့ ပြည်ပနိုင်ငံများမှ ကူးစက်ဝင်ရောက်လာနိုင်မှုကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေး ပြည်ပမှ ပြန်လာသူများကို စနစ်တကျ အသွားအလာထိန်းချုပ်ကန့်သတ်ခြင်းနှင့် အရေအတွက်ကန့်သတ်ခြင်း၊ လေကြောင်းလိုင်းများနှင့် နယ်စပ်ဝင်ထွက်ဂိတ်များအား ယာယီပိတ်ပင်ခြင်းများကို (၂၀၂၁)ခုနှစ် မေလဆန်းမှစတင်ကာ ရောဂါဖြစ်ပွားဖြစ်ပွားမှုအခြေအနေကိုမူတည်၍ တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း၊

(၂၀၂၁)ခုနှစ် မေလကုန်ပိုင်းတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှစတင်၍ လူအစုလိုက် ရောဂါဖြစ်ပွားမှုပေါ်ပေါက်ခဲ့ရာ ယင်းဒေသများရှိ ရောဂါဖြစ်ပွားမှုများပြားသော တွန်းဇံနှင့် တမူး မြို့နယ်တို့အား (၂၀၂၁)ခုနှစ် မေလ (၂၈)ရက်နေ့တွင် Stay at Home မြို့နယ်များအဖြစ် စတင်သတ်မှတ်ခဲ့ပြီး ဆက်လက်၍ ကလေးမြို့နယ်အား (၂၀၂၁)ခုနှစ် ဇွန်လ (၂)ရက်နေ့တွင်လည်းကောင်း၊ ဟားခါး၊ ဖလမ်း၊ တီးတိန်နှင့် ထန်တလန်မြို့နယ်တို့အား (၂၀၂၁)ခုနှစ် ဇွန်လ (၄)ရက်နေ့တွင်လည်းကောင်း Stay at Home မြို့နယ်များအဖြစ် ထပ်တိုးသတ်မှတ်ခဲ့ပါကြောင်း၊


 

၄င်းအပြင် (၂၀၂၁)ခုနှစ် မေလ (၂၉)ရက်နေ့တွင် စစ်ကိုင်းတိုင်း‌‌ဒေသကြီး ကလေးမြို့၊ ခန္တီးမြို့နှင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့နှင့် ကော့သောင်းမြို့တို့မှ ပြည်တွင်းလေကြောင်း ခရီးစဉ်များကို ခေတ္တရပ်ဆိုင်းထားရှိရန် ဆောင်ရွက်ခဲ့ပါကြောင်း၊

ဒေသတွင်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများနှင့် အခြားဒေသများသို့ ထပ်မံ ကူးစက်မှုမဖြစ်ပေါ်နိုင်‌ရေးအတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၊ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတနာ့ ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဓာတ်ခွဲစစ်ဆေးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ RT-PCR နည်းဖြင့် ဓာတ်ခွဲနမူနာ တိုးမြှင့်ရယူစစ်ဆေးနိုင်သည့် ရွေ့လျား ဓာတ်ခွဲယာဉ်အား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့သို့ ပို့ဆောင်ပေးခြင်း အပါအဝင် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊


 

ထို့အပြင် နိုင်ငံအတွင်းရှိ အခြားကူးစက်ဖြစ်ပွားမှုမြင့်မားလာသည့် ဒေသများကိုလည်း စနစ်တကျ စောင့်ကြပ်ကြည့်ရှုကာ Stay at Home မြို့နယ်အဖြစ် သတ်မှတ်ခြင်းလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝေးလံခက်ခဲဒေသများအပါအဝင် ရောဂါဖြစ်ပွားမှုများပြားလျက်ရှိသည့် ဒေသများသို့ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် COVID-19 Rapid Antigen Test Kit များ၊ အောက်ဆီဂျင် ဆလင်ဒါများ၊ အောက်ဆီဂျင်စက်များ၊ တစ်ကိုယ်ရည်ကာကွယ်ရေးပစ္စည်းများ (PPE)၊ သွေးတွင်းအောက်ဆီဂျင်တိုင်းကိရိယာများ (Pulse oximeter)၊ ပဋိဇီဝဆေးများအပါအဝင် အခြား ဆေးနှင့်ဆေးပစ္စည်းများ၊ လူနာခုတင်များ၊ ဌာနသုံးမော်တော်ယာဉ်များကိုထောက်ပံ့ပေးလျက်ရှိပြီး မိမိတို့အနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အခြေခံအချက်များဖြစ်သော အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း စနစ်တကျဝတ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ အခြားသူများနှင့် ခပ်ခွာခွာနေခြင်း၊ လေဝင်လေထွက် မကောင်းသည့် အခန်းများကို ရှောင်ကြဉ်ခြင်း စသည့်တို့ကို ပြည်သူအားလုံးမှ ယခုထက် ပိုမိုသတိပြုလိုက်နာ ဆောင်ရွက်စေရေး ကျန်းမာ‌ရေးအသိပညာမြှင့်တင်ခြင်းလုပ်ငန်းများကို ပိုမိုအားဖြည့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊


 

ဒေသအလိုက် ရောဂါဖြစ်ပွားမှုအခြေအနေများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ပြည်သူများအချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရေး အထူးအလေးပေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ပြည်သူများအနေဖြင့် ရောဂါဖြစ်ပွားကူးစက်နေမှုများကို ယခုထက်ပိုမို သတိပြုမိမည်ဖြစ်ပြီး ရောဂါကာကွယ်ရေး နည်းလမ်းများကို ပိုမိုလိုက်နာဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊

COVID-19 ရောဂါ ဖြစ်ပွားမှုများပြားလာပါက အဆင်သင့်ဖြစ်စေရန် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆေးရုံများ၊ ကုသရေးစင်တာများ၊ အသွားအလာကန့်သတ်၍ သီးသန့်ခွဲခြားထားရှိမည့် နေရာများကို သက်ဆိုင်ရာ ‌ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် အနီးကပ်ပူးပေါင်း၍ ပြင်ဆင်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊


 

ရောဂါပြင်းထန်မှု အခြေအနေပေါ်မူတည်၍ လူနာများအား စနစ်တကျ ကုသစောင့်ရှောက်မှုပေးနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကုသရေးဆိုင်ရာ အဖွဲ့များမှ စီမံချက်များ၊ လုပ်ငန်းလမ်းညွှန်များ မွမ်းမံရေးဆွဲကြရမည်ဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ညှိနှိုင်း၍ အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊

လုပ်ငန်းများ‌ဆောင်ရွက်ရာတွင် ပုဂ္ဂလိကကျန်းမာရေးကဏ္ဍ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းများ၏အင်အားကိုအတတ်နိုင်ဆုံးပူးပေါင်းရယူ၍ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊

မိမိတို့ ဝန်ထမ်းများ၏ လုံခြုံရေးသည် အဓိကျ၍ ရောဂါကူးစက်ခံရမှုမရှိစေရေး တာဝန်ရှိသူများအနေဖြင့် အတတ်နိုင်ဆုံး အနီးကပ်ကြပ်မတ် ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊


 

ကျောင်းများတွင် ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စံလုပ်ထုံးလုပ်နည်းများ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်စေရေး ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် အစရှိသည့် အဆင့်တိုင်းတွင် ပညာရေးဝန်ကြီးဌာနနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊

တိုင်းဒေသကြီး/ပြည်နယ်များမှ တင်ပြလာသော လိုအပ်ချက်များကိုလည်း အထူးအလေးထား ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊


 

COVID-19 ရောဂါကြောင့် ပြည်သူများ ထိခိုက်ဆုံးရှုံးမှု မရှိစေရေး မိမိတို့၏ ရှိရင်းစွဲ အရင်းအမြစ်များကို ရနိုင်သမျှ စုစည်း၍ အထိရောက်ဆုံးအသုံးချသွားရမည်ဖြစ်ပြီး အစွမ်းကုန်ကြိုးစားဆောင်ရွက် ပေးနေသော ကျန်းမာရေးဝန်ထမ်းများအားလုံးကို အထူးပင် အသိအမှတ်ပြုဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါသည်။

 

 

     ယင်းနောက် တက်ရောက်လာကြသော ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ‌‌ဒေါက်တာဝင်းလွင်၊ ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာအေးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်သစ္စာလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ဒုတိယပြည်နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာလှထွန်းတို့မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရောဂါဖြစ်ပွားမှု၊ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပါသည်။


 

 အစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ဝန်ကြီးရုံး) ဦးစိန်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 
 

More Tags