ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း (၂၀၂၁)ပညာသင်နှစ်၌ ဆေးတကသိုလ်များနှင့်ဆေးပညာနှီးနွယ် တကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများဝင်ခွင့် အရည်အချင်းစစ် ရေးဖြေစာစစ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်


     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ(၁၁) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ပြုလုပ်သည့် (၂၀၂၁)ပညာသင်နှစ်၌ ဆေးတကသိုလ်များနှင့်ဆေးပညာနှီးနွယ် တကသိုလ်များတွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဆေးပညာသင်တန်းများ ဝင်ခွင့်အရည်အချင်းစစ် ရေးဖြေစာစစ် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။


 

     ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုပညာသင်နှစ်တွင် ကျင်းပမည့် ဘွဲ့လွန်ဝင်ခွင့် စာမေးပွဲများသည် အခက်အခဲအမျိုးမျိုးကြားမှ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများ၏ ကြိုးပမ်းမှုကြောင့် ဖွင့်လှစ်နိုင်ခြင်းဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအတွက်လိုအပ်လျက်ရှိသည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် နှစ်စဉ်ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်နေပါကြောင်း၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်မည့်အချိန်ကို လက်ထောက်ဆရာဝန်များ၊ ၎င်းတို့၏ မိသားစုများမှ အထူးမျှော်လင့်လျက်ရှိကြပြီး နိုင်ငံတော်အတွက်လည်း အထူးလိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်ဖြစ်သည့်အတွက် အလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခု ပညာသင်နှစ်၌ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများသို့ လျှောက်ထားသူဦးရေသည် မျှော်မှန်းထားသည်ထက် ပိုမိုများပြားသည့်အတွက် ဝန်ကြီးဌာန အနေဖြင့် ဂုဏ်ယူပါကြောင်း၊ ရေးဖြေစာစစ်စာမေးပွဲကျင်းပမည့်ရက် သတ်မှတ်ပြီးဖြစ်သည့်အတွက် ဩဂုတ်လတွင် ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်နိုင်မည်ဖြစ်ပါကြောင်း၊ ပါမောကဌာနမှူးများအနေဖြင့် ဘွဲ့လွန်ဆေးပညာသင်တန်း ဝင်ခွင့်စာမေးပွဲ မေးခွန်းများကို စနစ်တကျပြုစု၍ စာမေးပွဲများကို စနစ်တကျ စစ်ဆေးသွားရမည် ဖြစ်ပါကြောင်း၊ ဘွဲ့လွန် ဆေးပညာသင်ကြားရာတွင် နိုင်ငံတကာအဆင့်မီ သင်ထောက်ကူပစည်းများဖြင့် လက်ရှိဖွင့်လှစ်လျက်ရှိသည့် ပြည်သူ့ဆေးရုံးကြီးများ၌ စာတွေ့/လက်တွေ့ သင်ကြားသွားရမည် ဖြစ်ပါကြောင်း၊ ယခုဖွင့်လှစ်လျက်ရှိသည့် သက်ဆိုင်ရာဘွဲ့လွန် သင်တန်းများမှ ပျက်ကွက်နေသည့် ဘွဲ့လွန်သင်တန်းသားများအား ဘွဲ့လွန်သင်တန်းစည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊


 

လစ်လပ်နေသည့် ဘာသာရပ်သင် ဆရာ/ဆရာမ ပညာရှင်များကိုလည်း ဖြည့်တင်းသွားမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေသူများသည် မိမိတို့ ဝန်ကြီးဌာန၏ အမာခံအင်အားများဖြစ်ပါကြောင်း၊ မိမိတို့၏ Professional ကျင့်ဝတ်စည်းကမ်းအရ ထိန်းသိမ်းဆောင်ရွက်ရမည့် အရေးကြီးသည့်အချိန်သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ မိမိတို့၏ Professional စည်းလုံးညီညွတ်မှုအတွက် ကြိုးပမ်းမှုသည် သမိုင်းမှတ်တိုင်အဖြစ် ကျန်ရစ်မည်ဖြစ်ပါကြောင်း၊ ပြည်သူ့ဆေးရုံကြီးများတွင်လည်း ယခင်က ဆေးရုံတက်လူနာ (၂)ထောင်ကျော်သာရှိခဲ့ရာမှ ယခုအချိန်တွင် ဆေးရုံတက်လူနာစုစုပေါင်း (၁၄,၀၀၀)ကျော် တက်ရောက်ကုသလျက်ရှိပါကြောင်း၊ လက်ထောက်ဆရာဝန် (အထူးကု)များသည် ဘွဲ့ရရှိပြီးနောက် သတ်မှတ်ကာလ Training Year (၂)နှစ် ပြည့်အောင် တာဝန်ထမ်းဆောင်ပြီးမှသာ အထူးကုလိုင်စင်များ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ လူနာများကို စွန့်ခွာသွားခြင်းသည် ဆေးပညာ ကျင့်ဝတ်များကို ဖောက်ဖျက်ခြင်း ဖြစ်ပါကြောင်း၊ ဆရာများသည် မိမိတို့၏တပည့်များကို Professionalism, Ethics, Attitude များ မှန်ကန်အောင် သင်ကြားပေးရမည်ဖြစ်ပြီး ကောင်းမွေများကိုသာ လက်ဆင့်ကမ်းပေးသွားရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် (၂၄)နာရီ ကျန်းမာရေးဝန်ဆောင်မှု ရရှိနိုင်အောင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် အထူးကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ပြန်လည်သုံးသပ်၍ အကျိုးရှိအောင် စီမံခန့်ခွဲဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။


 

     ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းတို့မှ အမှာစကားပြောကြားခဲ့ကြပါသည်။


 

     ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းမှ ဘွဲ့လွန်ဆေးပညာ သင်တန်းများ ဝင်ခွင့်ရွေးချယ်ရေး စာမေးပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညွှန်ကြားရေးမှူး (လူ့စွမ်းအားအရင်းအမြစ်) ဒေါက်တာချောစုမောင်မှ စာစစ်အဖွဲ့ဝင်များ ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ သတိပြုရမည့် အချက်များနှင့်ပတ်သက်၍ အသေးစိပ် ရှင်းလင်းတင်ပြပါသည်။


 

     ၎င်းနောက် တက်ရောက်လာကြသည့် ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးများမှ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့မှ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


 

     အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက/ဌာနမှူးများ၊ စာစစ်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

More Tags