ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားကောင်စီနှင့် မြန်မာနိုင်ငံ ကျန်းမာရေးမှူးအသင်းတို့မှ တာဝန်ရှိသူများနှင့် သီးခြားစီလက်ခံတွေ့ဆုံ


     ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ဇွန်လ (၉) ရက်နေ့ နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ သူနာပြုနှင့်သားဖွားကောင်စီနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့မှ ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများအား သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။


 

     ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးလုပ်ငန်းများသည် ရပ်တန့်ထား၍မရကြောင်း၊ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နေရမည့်လုပ်ငန်းများ ဖြစ်ပါကြောင်း၊ သူနာပြု ဘွဲ့ရရှိပြီးနောက် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိစာချုပ် လက်မှတ်ရေးထိုးထားသဖြင့် နိုင်ငံ့ဝန်ထမ်းအဖြစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း၊ တစ်ဖက်တွင် စည်းကမ်းမလိုက်နာသူများရှိသကဲ့သို့ တာဝန်သိစိတ်၊ နိုင်ငံချစ်စိတ်ဖြင့် လူနာများကောင်းကျိုးကို ရှေ့ရှုလျက် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် သူနာပြုများအား ဝန်ကြီးဌာနအနေဖြင့် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊


 

ပြည်သူ့ဆေးရုံများသို့ မိမိတို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တက်တက်ကြွကြွဖြင့် တာဝန်ထမ်းဆောင်နေသည့် သူနာပြုများစွာ တွေ့ရှိရပါကြောင်း၊ မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ အနေဖြင့် သူနာပြုများ၏ Professional Ethics ဖွံ့ဖြိုးတိုးတက်အောင် ကြပ်မတ်ထိန်းသိမ်းဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် သူနာပြုများအတွက် ဝတ်စုံစရိတ်နှင့် စားစရိတ်များ ရရှိအောင် ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်၍ ပညာရှင်ဘွဲ့ချီးမြှင့်ငွေနှင့် ညတာဝန်ထမ်းဆောင်သည့် ဝန်ထမ်းများအား ထောက်ပံ့ပေးသည့် ညစာစားစရိတ်များအပါအဝင် ရသင့်ရထိုက်သည့်ခံစားခွင့်များ ရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားပါသည်။


 

     မြန်မာနိုင်ငံသူနာပြုနှင့်သားဖွားကောင်စီ ဉက္ကဋ္ဌ ဒေါ်နွဲ့နွဲ့ခင်မှ တင်ပြရာတွင် မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီအနေဖြင့် ပြည်တွင်း/ပြည်ပရှိ သူနာပြု၊ သားဖွားအတတ်ပညာသင် ကျောင်းတစ်ခုခုက အပ်နှင်းသည့်ဘွဲ့၊ ဒီပလိုမာ (သို့မဟုတ်) အောင်လက်မှတ်ရရှိသူသည် သူနာပြုအဖြစ်သော်လည်းကောင်း၊ သားဖွားအဖြစ်သော်လည်းကောင်း၊ သူနာပြုသားဖွားအဖြစ်သော်လည်းကောင်း မှတ်ပုံတင်ပေးရန် ကောင်စီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားလာပါက စိစစ်၍ သူနာပြုနှင့်သားဖွားလိုင်စင်များ ထုတ်ပေးလျက်ရှိပါကြောင်း၊ သူနာပြုများအနေဖြင့် မိမိတို့၏ သူနာပြုကျင့်ဝတ်ကို ရှေ့တန်းထားကာ လူနာများကို ပြုစုစောင့်ရှောက်၍ အသက်ကယ်တင်ရမည်ဖြစ်ပါကြောင်း၊ သူနာပြု၊ သားဖွားများလိုက်နာရမည့် ကျင့်ဝတ်များနှင့် ထိန်းသိမ်းရမည့် အမူ အကျင့်များကို ဖောက်ဖျက်ပါက ဉပဒေ/နည်းဉပဒေများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားပြီး သူနာပြုနှင့်သားဖွားလိုင်စင် လျှောက်ထားမှုများအပေါ် စိစစ်ထုတ်ပေးနေမှု အခြေအနေများနှင့်စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြပါသည်။


 

     ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဉက္ကဋ္ဌနှင့် တာဝန်ရှိသူတို့အား လက်ခံတွေ့ဆုံရာတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်း ဉက္ကဋ္ဌ ဦးမြသွင်က အသင်းအနေဖြင့် လက်ရှိဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဘဏ္ဍာငွေသုံးစွဲမှုအခြေအနေများ နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းမှ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ပအထောက်အပံ့ ငွေများအား ပြည်သူလူထုကျန်းမာရေးအတွက် အကျိုးရှိစွာ သုံးစွဲသွားရန်နှင့် ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားသည့် ကျန်းမာရေးလုပ်ငန်းခေါင်းစဉ်များအတိုင်း တိတိကျကျ သုံးစွဲသွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

     ၎င်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာ၌ နိုင်ငံရေးအရောင်အသွေးကင်းရှင်းစွာဖြင့် ပြည်သူလူထု၏ ကျန်းမာရေး၊ နိုင်ငံတော်၏အကျိုးကို ရှေ့ရှု၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများ၌ သင်တန်းဆင်း ကျန်းမာရေးမှူးများအား အမြန်ခန့်ထားနိုင်ရေးနှင့် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးမှူးများ၏ ရာထူးတိုးကိစ္စရပ်များကို အလေးပေးဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကောင်စီ ဉပဒေအတိုင်း ကျန်းမာရေးမှူး (သို့မဟုတ်) ပြည်သူ့ကျန်းမာရေးကြီးကြပ်သည် မှတ်ပုံတင်ဆောင်ရွက်လိုပါက သတ်မှတ်ချက်များနှင့်အညီ စိစစ်၍ ထုတ်ပေးရမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ယခုထက်ပိုမို၍ ပူးပေါင်းဆောင်ရွက်သွားစေလိုပါကြောင်း၊ ကျန်းမာရေးဝန်ထမ်း လိုအပ်ချက်များရှိနေသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကျေးလက်ကျန်းမာရေးဌာန များတွင် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းအနေဖြင့် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပူးပေါင်းကူညီဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။


 

     အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြပါသည်။

 
 

More Tags