မန္တလေးတိုင်းဒေသကြီးအဆင့် “တစ်ဦးကို တစ်ဦးအသိပေးခြင်း/သတိပေးခြင်း မိသားစုစီမံချက်” အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

မန္တလေး၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်

      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ COVID-19 ကာကွယ် ထိန်းချုပ်ရေးအတွက် အမျိုးသားအဆင့် ကျန်းမာရေးလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သည့်“တစ်ဦးကို တစ်ဦး အသိ ပေးခြင်း/ သတိပေးခြင်း မိသားစုစီမံချက်” အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်၌ ယနေ့ (၂၉-၁-၂၀၂၁)ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ ပါသည်။

     အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒေါက်တာဇော်မြင့်မောင် က အဖွင့်အမှာစကားပြောကြားရာတွင် ယခုစီမံချက်ကို (၂) လတိတိ အကောင်အထည်ဖော် ဆောင်ရွက် မည်ဖြစ်ပြီး ပြည်သူလူထုသို့ ရောဂါကာကွယ်ရေးအမူအကျင့်ကောင်းများ အဆင့်ဆင့်ပျံ့နှံ့ရောက်ရှိကာ လူမှုအဖွဲ့အစည်းအတွင်း ပျံ့နှံ့သွားမည်ဖြစ်ပါကြောင်း၊ COVID-19 ရောဂါမှာ မည်သူက ကူးစက်ခံထားရသည်ကို မသိရှိနိုင်ပြီး ၆၅% မှာ ရောဂါလက္ခဏာမပြဘဲရှိနေကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် COVID-19 ရောဂါကူးစက်ခံရသူပေါင်း (၁၆,၅၆၆) ဦးရှိပြီး လက်ရှိတွင် ကုသမှုခံယူနေသူပေါင်း (၁,၃၆၆) ဦးရှိပါကြောင်း၊


 
 
 

     တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးဝန်ထမ်းများကို COVID-19 ရောဂါကာကွယ်ဆေးကို (၂၇-၁-၂၀၂၁) ရက်နေ့မှစတင်၍ ထိုးနှံပေးနေပြီဖြစ်ပါကြောင်း၊ COVID-19 ရောဂါ ကို အမျိုးသားရေးအသွင်ဖြင့် ပြည်သူလူထုမှ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယခုစီမံချက်ကို တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ဝန်ထမ်းများအချင်းချင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် COVID-19 ရောဂါကာကွယ်ရေးအတွက် “တစ်ဦးနှင့်တစ်ဦး အချင်း ချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ” အားပြောကြားခြင်းဖြင့် မိသားစုများအကြား၊ အဖွဲ့အစည်းများအကြား ပျံ့နှံ့ရောက်ရှိမှသာ COVID-19 ရောဂါကာကွယ်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

     အဆိုပါအခမ်းအနားတွင် မန္တလေးဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များနှင့် ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီး​ရေးရာအဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များ တက်​ရောက်ခဲ့ကြပါသည်။

 
 

More Tags